|
စစ်တွေမှာ လူသိန်းချီဆန္ဒပြ
ကျောင်းဆရာ/မများနှင့် ဝန်ထမ်းများပါဝင်လာ
ဗထူး။
စက်တင်ဘာ ၂၄၊ ၂၀၀၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နေ့လည် (၁) နာရီမှစတင်ကာ
ဆန္ဒပြခဲ့ရာ မြို့နေလူ တသိန်းကျော်က သံဃာထုနောက်တွင်
လိုက်ပါဆန္ဒပြခဲ့ကြသည်။
သံဃာတပ်ပေါင်းစုမှ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့သည့်
စစ်တွေသံဃာထုနှင့် ပြည်သူများက ယနေ့ ထပ်မံဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ရွှေစေတီကျောင်းရှေ့ရှိ ဦးဥတ္တမလမ်းမ ရင်ပြင်တွင် သံဃာ (၃၀၀၀)ခန့်က
စတင်၍ စုရုံးကာ ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး ဘုရားကြီးအား တပတ်ပတ်ကာ
မြို့ပေါ်လမ်းမများသို့ စတင်ကြွချီခဲ့ခြင်း ဖြစ်သည်။
“မင်းဘာကြီးလမ်းအတိုင်း ချီတက်ပြီးတော့ သင်္ဘောဆိပ်ဘက်ကို သွားတယ်။
လမ်းမှာ သံဃာက ၄၀၀၀ နီးပါး ဖြစ်လာတယ်။ သီလရှင် ၄၀၀ လောက် ပါလာတယ်။
သင်္ဘောဆိပ်အကွေ့ ရောက်တော့ နောက်က လူအုပ်တွေပါ လာတယ်။ လူအုပ်က
နှစ်သောင်းလောက် ဖြစ်နေတယ်။ သင်္ဘောဆိပ်ကို ပတ်ပြီး လမ်းမကြီးကို
ချိုးလာတာ အဲ့ဒီမှာ သံဃာက ၅၀၀၀ လောက်ဖြစ်သွားပြီ။ သံဃာနောက်က
ကျောင်းထိုင်ဆရာတော် အပါး ၂၀ လောက်က ကြီးကြပ်ပြီး လိုက်နေကြတယ်၊
ကိုက်တရာလောက်မှာ ၃ သောင်းလောက် ဖြစ်သွားပြီ”ဟု စစ်တွေမြို့ခံတဦးက
ဆိုသည်။
ယနေ့တွင်
သံဃာတော်များက မေတ္တာသုတ်များ ရွတ်ဖတ်ကာ စီတန်းလှည့်လည်စဉ်
‘ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊ ကျောင်သားခေါင်းဆောင်များနှင့်
နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး’ဟု
အညိုရောင်ပိတ်စတွင် စာလုံးအဖြူနှင့် ရေးထားသည့် ပိုစတာကို
ရှေ့ဆောင်သံဃာများက ကိုင်ဆောင်ထားကာ ညာဘက်တွင်
မဟာမြတ်မုနိဘုရားပုံတော်နှင့် ဘယ်ဘက်တွင် ဆရာတော်
ဦးဥတ္တမပုံတော်များကို ကိုင်ဆောင် ထားသည်ဟု ဆိုသည်။
ထို့နောက်
သံဃာများက ဆရာတော်ဦးဥတ္တမပန်းခြံအား လက်ယာရစ်ဝင်ပြီး ဦးဥတ္တမ
ရုပ်ထုတော်ပေါ်တက်၍ သာသနာ့အလံသုံးလက်ကို ချိတ်ခဲ့ရာ လက်အုပ်ချီထားသော
သံဃာများ နောက်မှ ပြည်သူများက လက်အုပ်ချီကာ အေးချမ်းစွာဖြင့်
သံဃာတော်များ၏ အဆုံးအမကို ခံယူခဲ့ကြသည်။
“ပန်းခြံမှာ
သံဃာတော်တွေ အဓိဌာန်နေတုန်း ဘိုရင်းတည်းခိုရိပ်သာအပေါ်က ဒုရဲအုပ်
ဋ္ဌေးဝင်း က ဓါတ်ပုံရိုက်တယ်။ အဲ့ဒါ သံဃာထုတွေက တည်းခိုရိပ်သာအပေါ်တက်ပြီး
သူ့ကို ဖမ်းတယ်။ ဆုံးမပြီးတော့ သက်ဆိုင်ရာကို အပ်လိုက်တယ်။
စွမ်းအားရှင်က ဦးဘသိန်းနဲ့ ဦးဇော်ဇော်သာ နှစ်ယောက်ကတော့
ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားတယ်၊ သူတို့ကို လူထုကသိလို့ လိုက်တော့
ထွက်ပြေးသွားတယ်။ ဖလင်တွေတော့ သိမ်းထားလိုက်တယ်။ နောက်ကပါလာတဲ့
ပြည်သူလူထု ကတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊
တွေ့ဆုံဆွေးနွေးရေးဆိုပြီးတော့ ကြွေးကြော် ပြီးတော့ လိုက်နေတယ်”ဟု
သံဃာတော်များနောက် လိုက်ပါသွားခဲ့သူတဦးက ဆိုသည်။
လူအုပ်များတွင် ဟိန္ဒူဘာသာဝင်များ၊ မွတ်စလင်ဘာသာဝင်များနှင့်
ဈေးသူဈေးသား ဝန်ထမ်း များ ပါဝင်လာနေပြီး လက်ရှိတွင် သံဃာ အပါး ၇၀၀၀
ကျော်နှင့် ပြည်သူမှာ သိန်းနှင့်ချီကာ များပြားနေဆဲဖြစ်သည်။
“တက္ကသိုလ်ကျောင်းသားတွေ၊ ဝန်ထမ်းတွေ အကုန်ပါလာတယ်။ မနက်က ကျောင်းကို
ဖွင့်ထား တယ်။ ကျောင်းသူကျောင်းသားတွေကို ဆရာမတွေက
အကုန်ပြန်ခိုင်းလိုက်တယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင် ပါလာတယ်။ ခုက
အိမ်တွေမှာ သူသွားမယ်၊ ငါသွားမယ်နဲ့ အိမ်စောင့်မဲ့သူ မရှိလို့
ငြင်းနေကြတာ တမြို့လုံး ပါသွားပြီ”ဟု မျက်မြင်မြို့ခံက ဆိုသည်။
စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက
သံဃာတော်များ အေးချမ်းစွာ ဆန္ဒပြသည်ကို ခွင့်ပြုကြောင်း၊
လူထုများပါလာပါက အကြမ်းဖက်မှုဖြစ်လာလျှင် ပစ်ခတ်ဖြိုခွဲ ရမည့်
သဘောထားများအား ယခုရက်ပိုင်းက ပြောကြားခဲ့ပြီး ယနေ့တွင် အကြီးမားဆုံး
ဆန္ဒပြ ပွဲများ ဖြစ်ပေါ်ခဲ့ကာ ညနေ (၄) နာရီတွင် အေးချမ်းစွာ
ပြီးဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်လည်း ယနေ့နံနက် (၉) နာရီမှ ညနေ (၃)
နာရီအထိ သံဃာအပါး ၇၀ ခန့်က မြို့ကိုပတ်ကာ မေတ္တာသုတ်ရွတ်ဆိုကြွချီခဲ့ရာ
မြို့ခံပြည်သူ ၆၀၀ ကျော်က နောက်မှ လိုက်လံဆန္ဒပြခဲ့ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စား လှယ်
ဦးမောင်ကောင်းကလည်း သံဃာတော်များကို အချိုရည်ဗူးများ ကပ်လှူခဲ့သည်။
|