|
မန်းသံဃာတသောင်းခန့်
မြို့တွင်းသို့လှည့်လည် ဒို့တာဝန်အရေး (၃) ပါး ဆိုင်းဘုတ်ကိုင်ဆောင်ထား
ရိုးမ ၃။
စက်တင်ဘာ ၂၄၊ ၂၀၀၇

ယနေ့နံနက်မှ
စတင်ခဲ့သည့် မန္တလေးမြို့သံဃာများ ဆန္ဒပြကြွချီခြင်းသည် ယခုနေ့လည်
အရောက်တွင် သံဃာတော်များ သောင်းနှင့်ချီကာ
လမ်းလျှောက်ကြွချီနေခြင်းဖြစ်သည်။
စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို သံဃာတော်များက
နိုင်ငံအနှံ့ပြုလုပ်နေကာ သံဃာ အများဆုံး သီတင်းသုံးသည့် မန်းမြို့တွင်
ယနေ့ သံဃာတော်များက ဆက်လက် ဆန္ဒဖော် ထုတ်ကာ ကြွချီနေခြင်းဖြစ်သည်။
“ဘုရားကြီးက
ထွက်တယ်။ စက်မှုဇုံ (၁) ဘက်ကထွက်တယ်။ တောရကျောင်းတွေ ထွက်တယ်။
သီလရှင်တွေလည်း ပါလာကြတယ်။ တံခွန်တိုင် တမာတန်းက ထွက်တယ်။ ၀ိသုတ်တာရုံ
တိုက်သစ်ကျောင်း၊ ငါးဆူ၊ စကု၊ မိုးကောင်းနဲ့ မစိုးရိမ်တိုက်သစ်က
ထွက်တယ်၊ သံဃာတွေက ရေတွက်လို့ကို မရတော့ဘူး”ဟု သံဃာတပါးက မိန့်သည်။
ယနေ့တွင်
သံဃာတော်များက လမ်းလျှောက်ကြွချီရာ လမ်းတလျှောက်တွင် မေတ္တာသုတ်များ
ရွတ်ဆိုကာ (၃၆) လမ်း၊ (၃၇) လမ်းနှင့် (၇၈) လမ်းကမှ ဈေးချို၊ နာရီစင်မှ
ဘုရားကြီးဘက်သို့ သွားသည့် သံဃာများရှိသလို ဘူတာကြီးဘက်သို့ ကြွသည့်
သံဃာတော်များလည်း ရှိသည်ဟု ဆိုသည်။
သံဃာနှင့်
ပြည်သူများသည် ဦးပေစိဘုရားတွင်ဆုံခဲ့ချိန်တွင် ရဟန်းပျိုတပါးက
နိုင်ငံရေးတရား ချီးမြှင့်ခဲ့ရာ ပရိသတ်များက ငြိမ်၍နားထောင်ခဲ့သည်ဟု
ဆိုသည်။
အဆိုပါ
နိုင်ငံရေးတရားမိန့်ကြားခဲ့သည့် ရဟန်းပျိုက “ဒါဟာ တိုင်းသူပြည်သားတွေဟာ
ဒီမိုကရေစီဗိုက်နာနေကြတာပါ။ ဒါဟာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့
ဝေဒနာဖြစ်ပါတယ်။ အဲ့ဒီ ဝေဒနာကို ဘယ်လိုကုစားပေးကြမလဲ။ ကုစားပေးကြပါလို့
စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးပွဲတွေ လုပ်ပြီးတော့
အဖြေရှာပေးဖို့ရာပေါ့လေ။ လုပ်နိုင်ဖို့ရာ မေတ္တာပို့ ဆုတောင်းပေး တာ”ဟု
ဆိုသည်။
ပြည်သူများ၏
ဆွမ်းကို စားနေရပြီး ဆရာနှင့် ဒကာဆိုသည် ရေနဲ့ကြာဆိုသလိုပင် ဖြစ်၍
တပ်မတော်သားများအပါအ၀င် စစ်အစိုးရလက်အောက်ခံ အဖွဲ့အစည်းကိုလည်း မေတ္တာ
မပျက်ကြောင်း ပြသသည့်အတွက် မေတ္တာပို့သပေးခြင်းဖြစ်ပြီး
ပြုပြင်ပြောင်းလဲသင့်သည့် လုပ်ငန်းများအတွက် မေတ္တာပို့သခြင်းဖြစ်သည်ဟု
ဆက်လက်မိန့်ကြားသည်။
“သံဃာတွေက
အများကြီးပဲ၊ ရေလို့ကိုမရဘူး၊ ကျုံးဘေးက အနောက်အတိုင်း ဆင်းလာတာ တဖွဲ့၊
(၇၈) လမ်း ဘူတာကြီးရှေ့လမ်းအ၀ိုင်းကနေပြီးတော့ တောင်ဘက်ကို တက်သွားတာက
ငါးပါးတတွဲ အတန်းလိုက်ကြီး၊ လူတွေလည်းပါတယ် နောက်က။ လူတွေက
သုံးလေးရာလောက် ရှိမယ်၊ ဆိုင်ကယ်စက်ဘီးတွေနဲ့ တွန်းလိုက်တာ”ဟု
မန်းမြို့မျက်မြင်တဦးက ဆိုသည်။
သံဃာတော်သုံးပါးတတန်းစီ လှည့်လည်လာစဉ် ရှေ့၌
ဒို့တာဝန်အရေးသုံးပါးဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားကာ
အဆိုပါဆိုင်းဘုတ်ရှေ့တွင် ဘုရားပုံတော်ရှိပြီး သာသနာ့ အလံများ
ကိုင်ဆောင်ထားသည်ဟု ဆိုသည်။
“သုံးပါးတတွဲ
ကိုင်ထားတဲ့ ဆိုင်းဘုတ်ကြီးတော့ ဒို့တာဝန်အရေးသုံးပါး၊ အနီရောင်ပေါ်မှာ
စာလုံးအဖြူနဲ့ ရေးထားတာ၊ စားဝတ်နေရေးပြေလည်ရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသားများ
ပြန်လည်လွတ်မြောက်ရေး။ ရှေ့မှာ ဘုရားပုံတော်ပါတယ်၊ အလံ သုံးခု ပါတယ်”ဟု
အဆိုပါမျက်မြင်က ဆိုသည်။
သံဃာတော်များမှာ (၅၀၀၀)ခန့် တတန်း၊ ဘူတာကြီးဘက်တွင် (၈၀၀၀)ခန့်
အတန်းနှင့် မြို့ထဲတွင်လည်း ထောင်နှင့်ချီသည့် သံဃာတော်များ
ဆက်လက်ကြွချီနေဆဲ ဖြစ်သည်ဟု ဆိုသည်။
အသံနားဆင်လိုပါက
-
သံဃာတော်အသံ
မျက်မြင်သက်သေအသံ (၁)
မျက်မြင်သက်သေအသံ (၂) |