Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပထမဆုံးအကြိမ် ရေနံချောင်းသံဃာများ စတင်ကြွချီပြီ 

ဗထူး။ စက်တင်ဘာ ၂၂၊ ၂၀၀၇  

မကွေးတိုင်း၊ ရေနံချောင်းမြို့ သံဃာတော်များက ပထမဦးဆုံးအကြိမ် လမ်းလျှောက်ကြွချီကာ ယနေ့နေ့လည်က မြို့တွင်းလှည့်လည်ခဲ့ကြသည်။ 

နိုင်ငံနှင့်အ၀ှမ်း သံဃာတော်များ သပိတ်မှောက်ကံဆောင်ကြွချီနေရာ ရေနံချောင်းသံဃာများက ပထမဆုံးအကြိမ်အဖြစ် ယနေ့ကြွချီကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ 

မြတ်စောညီနောင်ဘုရားမှစတင်ကာ သံဃာတော်များက မေတ္တာသုတ်များရွတ်ဆို၍ ထွက်ခွာခဲ့ ရာ သံဃာအပါး (၁၀၀)ခန့်မှ  မြို့လယ်အရောက်တွင် သံဃာတော်အပါး (၂၀၀)ကျော် ဖြစ်သွား ခဲ့သည်။ 

“နေ့လည်တနာရီခွဲလောက်ကပါ။ ပထမထွက်လာတာကတော့ အပါး ၁၀၀ ကျော်တယ်လေ၊ နောက်ကဖြတ်လိုက်ပြီး ဝင်ကြတာနဲ့ အပါး (၂၀၀) ကျော်သွားတာ၊ လူထုက ပထမတော့မပါဘူး၊ နောက်တော့မှ မြို့ထဲပိုင်းရောက်မှ လူထုက (၃၀၀၀) ကျော်လောက် ပါလာတာ” ဟု မြို့ခံ တဦးက ဆိုသည်။ 

သံဃာတော်များသည် သာသနာ့အလံများ ရှေ့မှကိုင်ဆောင်ကာ ရွာသစ်လမ်းမှ ဗိုလ်ချုပ်လမ်း၊ ထိုမှတဆင့် ဈေးကိုပတ်ကာ ဈေးမြောက်ဘက်ရှိ ရတနာမဉ္ဇူဘုရားပေါ်သို့တက်ကာ မေတ္တာ သုတ်နှင့် မောရသုတ်ကို (၉) ခေါက်ရွက်ဆိုကာ ဗိုလ်ချုပ်လမ်းမှတဆင့် မြတ်စောညီနောင်ဘုရား ပေါ်သို့ ပြန်လည်ကြွချီခဲ့သည်ဟု အဆိုပါမြို့ခံက ဆက်လက်ပြောဆိုသည်။ 

“ကျမတို့ ၀မ်းသာတာပေါ့ရှင်၊ သူများမြို့တွေက လုပ်နေတာကြာနေပြီပဲဟာ၊ ကျမတို့မြို့က ခုမှ ပါရတာလေ၊ သံဃာတွေထွက်လာတော့ ပိုပြီး အားလည်းရှိတယ်။ ဒါ အများပြည်သူဘက်က ပါလာတာပေါ့နော်။ ရှေ့က သာသနာ့အလံတွေ ကိုင်ထားတယ်”ဟု လိုက်လံကြည့်ရှုအားပေးခဲ့သူ အမျိုးသမီးတဦးက ဆိုသည်။ 

သံဃာတော်များကြွချီလာရာ လမ်းတလျှောက်တွင် ပြည်သူများက လက်အုပ်ချီ ကြိုဆိုခဲ့သလို လက်ခုပ်တီးကြိုဆိုသူများလည်းရှိကာ ရေသန့်ဗူးနှင့် သကြားလုံးများ အထုပ်လိုက် ဆက်ကပ် လှူဒါန်းကြသူများလည်းရှိသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ 

လမ်းတလျှောက်တွင် စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲများက အရပ်ဝတ်များ ဝတ်ဆင်ကာ လိုက်ပါလာခဲ့သော်လည်း အနှောင့်အယှက် တစုံတရာမပြုလုပ်သလို လူထုက လည်း ၎င်းတို့ကို ပြည်သူမဟုတ်သည်ကို ခွဲခြားစွာ သိမြင်သည်ဟုဆိုသည်။ 

“လူခွဲပြီးမြင်ပါတယ်။ ဒီမှာ မနှောင့်ယှက်ရဲပါဘူး၊ ရေနံချောင်းမှာတော့ အဲ့လိုလုပ်လို့မရဘူး၊ ရေနံချောင်းက လုပ်လို့ရှိရင်လည်း ပြည်သူကမခံဘူးရှင့်၊ အဲ့လိုအခြေမျိုးပါ”ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။ 

သံဃာတော်များက နောက်ဆုံးတွင် စတင်ထွက်ခဲ့ရာ မြတ်စောညီနောင်ဘုရားပေါ်တက်၍ ဝတ်ပြုဆုတောင်းခဲ့ပြီး နေ့လည် (၂) နာရီခွဲတွင် ကျောင်းတိုက်အသီးသီးသို့ ပြန်လည်ကြွချီကာ အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org