|
စစ်တွေဆရာတော်များကို တိုင်းမှူးကခေါ်တွေ့ ယနေ့မနက်တွင်
လုံခြုံရေးများတိုးမြှင့်ထား
ဗထူး။
စက်တင်ဘာ ၂၂၊ ၂၀၀၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကျောင်းတိုက်များမှ ဆရာတော်များကို
အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးက ယမန်နေ့ညက
ခေါ်ယူတွေ့ဆုံခဲ့သည်။
စစ်တွေမြို့ပေါ်တွင် သံဃာတော်များ ဆန္ဒပြမှုနှင့်ပတ်သက်၍ အဆိုပါတိုင်းမှူးက
သံဃာတော် များအား ခေါ်ယူကာ သတိပေးလျှောက်ထားခဲ့ခြင်းဖြစ်သည်။
စစ်တွေမြို့ပေါ်တွင်
သံဃာတော်များ အေးချမ်းစွာ စီတန်းလှည့်လည်ခြင်းကို ခွင့်ပြုမည်ဖြစ်ပြီး
လူထုမှပါဝင်လာပါက အကြမ်းဖက်မှုများပါဝင်လာမည်ကို စိုးရိမ်ကြောင်း
သံဃာတော်များကို လျှောက်ထားခဲ့သည်ဟု ဆိုသည်။
“(၈)
နာရီလောက်မှာ တိုင်းမှူးက အစည်းအဝေးခေါ်ပြီးတော့ မြို့တော်ခန်းမမှာ
ဘုန်းကြီးတွေ ကို လျှောက်ထားတာပေါ့၊ ဘုန်းဘုန်းတို့ မနေ့ညက
(၉)နာရီလောက်မှ ပြန်ရောက်တယ်။ တိုင်းမှူးလျှောက်တာက တခြားမဟုတ်ဘူး၊
စစ်တွေမြို့ပေါ်မှာ ဆန္ဒပြတာမှာ အရှင်ဘုရားတို့ ဘုန်းကြီးသက်သက်ဆို ကိစ္စမရှိဘူး၊ လူတွေက ပယောဂတွေ ပူးလာတယ်ဘုရား၊
ဒါကြောင့် အကြမ်းမဖက်ဖို့ တပည့်တော် ထိန်းထိန်းသိမ်းသိမ်းနဲ့
အရှင်ဘုရားတို့ လျှောက်လဲတာပါ ဘုရားလို့ ပြောတယ်”ဟု
ကျောင်းထိုင်ဆရာတော်တပါးက မိန့်သည်။
ယမန်နေ့က
စစ်တွေမြို့သို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး
ဗိုလ်မှူးချုပ်ဘုန်းဆွေနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး
ဗိုလ်ချုပ်သိန်းဆွေတို့ ရောက်ရှိနေပြီး
ကြံ့ဖွံ့ရုံးများသို့ သွားရောက်ခဲ့ သည်ဟု ဆိုသည်။
ဆရာတော်ကြီးများအား တိုင်းမှူးက သံဃာတပည့်များကို ထိန်းသိမ်းရန်
သံဃာများမေတ္တာပို့ စီတန်းလှည့်လည်ခြင်းကို မတားမြစ်လိုသော်လည်း
ပြည်သူများ ပါဝင်လာမည်ကို စိုးရိမ်နေပြီး အကယ်၍ ပါဝင်လာမည်ဆိုပါက အကြမ်းဖက် ဖြိုခွင်းရမည့်သဘော ပြောခြင်းသာဖြစ်ကြောင်း အဆိုပါ
ကျောင်းထိုင်ဆရာတော်က မိန့်သည်။
ယနေ့နံနက်
(၇)
နာရီမှစတင်ကာ စစ်တွေကျောင်းတိုက်များမှ ဆရာတော်များက
အစည်းအဝေး ခေါ်ယူကျင်းပနေကာ မည်ကဲ့သို့ ဆုံးဖြတ်ချက်ချမည်ကို
မသိရသေးသော်လည်း စစ်တွေမြို့ရှိ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးတွင် လုံခြုံရေးများ တိုးမြှင့်ချထား သည်ဟု
မျက်မြင်သက်သေတဦးက ဆိုသည်။
“(မယက)ရုံးမှာ
လုံခြုံရေးအပြည့်ချထားတယ်။ လမ်းပေါ်မှာ သံဆူးကြိုးတွေ အပြည့်ကာထား တယ်။
အရင်လိုမဟုတ်ဘူး။ ထပ်ပြီးတော့ တိုးချထားတာပေါ့၊
မီးသတ်ကားတွေလည်း အကုန်လုံး အဆင်သင့်လုပ်ထားတယ်။ စစ်ကားလည်း ရှိပါတယ်။
အပြင်က ထရပ်ကားတွေ လည်း သူတို့ ချောဆွဲထားတယ်။ ဒီမှာက
ကြံ့ဖွံ့ကို သိပ်သုံးတာမတွေ့ရဘူး၊ သံဆူးကြိုးတွေက
(ပယက)ရုံးရှေ့မှာ ချထားတာ”ဟု အဆိုပါမျက်မြင်သက်သေက ဆိုသည်။
စစ်တပ်မှ
အင်အား ၃၀ ခန့်နှင့်
တခြားသူများမှာ ရဲနှင့် လုံထိန်းများဖြစ်ပြီး
မီးသတ်ကားအကြီး ၂ စီးနှင့် အသေး ၁ စီးကိုတွေ့ရကာ
မြို့ပေါ်လမ်းများတွင် သံဆူးကြိုးများ ချမထားသော်လည်း ဆန္ဒပြမှုဖြစ်လာပါက
အကြမ်းဖက် ဖြိုခွဲမည့်သဘော ပြင်ဆင်ထားသည်ဟု
အဆိုပါမြို့ခံက ဆက်လက်ပြောဆိုသည်။ |