Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထောင်နှင့်ချီသည့်သံဃာများ မုံရွာတွင် လမ်းလျှောက်ကြွချီ 

ရိုးမ ၃။ စက်တင်ဘာ ၂၁၊ ၂၀၀၇  

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့နေလည်က ထောင်နှင့်ချီသည့် သံဃာတော်များက မြို့တွင်း သို့ လမ်းလျှောက်ကြွချီကာ မေတ္တာသုတ်များရွတ်ဖတ်ခဲ့သည်။ 

စစ်အစိုးရအား ပတ္တနိကုဇ္ဇနကံဆောင်ကာ မုံရွာမြို့ရှိ ကျောင်းတိုက်ကြီး ၄ တိုက်နှင့် ဘုန်းကြီး ကျောင်းငယ်များမှ သံဃာများက နေ့လည် (၁၂) မှ စတင်ကြွချီခဲ့ကြခြင်းဖြစ်သည်။ 

ကျောက်ကာလမ်းမှ စတင်ထွက်ခွာလာသော သံဃာတော်များသည် ညောင်တပင်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်အရှေ့ဘက်မှ အလုံမြင်းမူလမ်းအတိုင်း ကြွချီကာ ထိုမှတဆင့် အနောက်ဘက် ရှိ ရဲစခန်းမှတဆင့် မြောက်ဘုရား (ခေါ်) ရွှေစည်းခုံဘုရားသို့ ၀င်ရောက်သွားခဲ့သည်။ 

“အဲ့ဒီမှာ သက်တော် ၃၀ ခန့်ရှိတဲ့ သံဃာတပါး၊ ချွေးထွက်လွန်ပြီးတော့ မူးလဲနေလို့ အဲ့ဒါ ကျနော်တို့ကိုယ်တိုင် ဖျော်ရည်တွေဘာတွေ ကပ်ပြီးတော့ ကျောင်းကို ပြန်ပို့လိုက်ရတယ်။ လူထုပရိသတ်က နောက်က အုံနဲ့ကျင်းနဲ့ပဲဗျ၊ သံဃာထုက ၄ ကျောင်းလောက် ထွက်တယ်။ အားလုံးပေါင်း အပါး (၁၀၀၀) လောက် ရှိမယ်”ဟု သံဃာတော်များနှင့်အတူ လိုက်ပါသွားသူ တဦးက ဆိုသည်။ 

ယနေ့ကြွချီသည့် သံဃာတော်များမှာ လယ်တီဆရာတော်ဘုရားကြီး တည်ထောင်ခဲ့သည့် အရှေ့လယ်တီ၊ အနောက်လယ်တီ၊ ရွှေဂူနှင့် အခြားကျောင်းများမှ ပါဝင်ပြီး ယမန်နေ့က လမ်းလျှောက်ကြွချီခဲ့သည့် ဇောတိက၊ ရန်ကင်းနှင့် ကျောင်းငယ်လေးများမှ သံဃာတော်များ လည်း ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ကြံ့ဖွံ့ရဲနှင့်အာဏာပိုင်များက အရပ်ဝတ်များဖြင့် နောက်ကရောလိုက်လာခဲ့ပြီး လုံခြုံရေးများထင်ထင်ရှားရှားချမ ထားသော်လည်း နိုင်ငံသမား၏အိမ်ရှေ့များတွင် ကြံ့ဖွံ့အဖွဲ့ လေးငါးဦးခန့်ကိုချထားခဲ့ပြီး စကားပြောစက်များနှင့် သတင်းပို့မှုများရှိခဲ့သည်။ 

“နောက်ကလိုက်နေတဲ့ လူထုကတော့ နှစ်ရာသုံးရာပတ်ဝန်းကျင်ရှိတယ်။ လမ်းတိုင်းလမ်းတိုင်း မှာကတော့ ကြိုပြီးတော့ လက်ဝဲယာက တခဲနက် အားပေးတဲ့ ပရိသတ်တွေကတော့ ပြည့်နေ တာပဲ၊ လက်ခုပ်တီးကြတာတွေ တချို့လည်း သိပ်ဆန္ဒစောပြီးတော့ လက်ခေါက်မှုတ်တာတွေ တောင် ပါတယ်။ လက်အုပ်ချီပြီး အရိုအသေပြုကြတဲ့လူတွေလည်း အများကြီးပါပဲ”ဟု အဆိုပါ မျက်မြင်သက်သေက ဆိုသည်။ 

စစ်အစိုးရက သံဃာတော်များ ပတ္တနိကုဇ္ဇနကံဆောင်လှုပ်ရှားမှုကို နှိမ်နင်းမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ပြုလုပ်သည့် မုံရွာသံဃာတော်များလှုပ်ရှားမှုသည် အေးအေးချမ်းချမ်းဖြင့် နေ့လည် (၁) နာရီ (၄၅) မိနစ်တွင် ပြီးဆုံးသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org