|
ပြည်သူ (၅၀၀၀) ကျော်က လက်အုပ်ချီကာ
ကြို့ပင်ကောက်တွင် သံဃာတော်များကိုကြိုဆိုခဲ့
ဗထူး။
စက်တင်ဘာ ၂၀၊ ၂၀၀၇
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် ယနေ့နေ့လည်တွင် သံဃာတော်များက
ပရိတ်တရားတော် များ ရွတ်ဆိုကာ ပတ္တနိကုဇ္ဇနကံဆောင် လမ်းလျှောက်ကြွချီစဉ်
မြို့ခံပြည်သူ (၅၀၀၀) ကျော်က လက်အုပ်ချီကာ သံဃာတော်များကို
ကြိုဆိုခဲ့ကြသည်။
စစ်အစိုးရအား ပတ္တနိကုဇ္ဇနကံဆောင်သည့် သက်သေပြုမှုအဖြစ် ကြို့ပင်ကောက်တွင်
သံဃာ တော်များက ယနေ့နေ့လည် (၁) နာရီခွဲက လမ်းလျှောက်ကြွချီကာ
မြို့တွင်း၌ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ပါဠိတက္ကသိုလ်တိုက်ကျောင်း၊ ၀ါဆိုကျောင်း၊ ဗောဓိကျောင်းနှင့်
အနောက်ဘက်ကျောင်းများမှ သံဃာတော် အပါး (၅၀၀) ခန့်က
မြို့တွင်းသို့လှည့်လည်ပြီး မေတ္တာသုတ်များ ရွတ်ဆိုခဲ့ရာ ပြည်သူများက
လမ်းမပေါ်တွင် လက်အုပ်ချီကာ သာဓုခေါ်ခဲ့ကြသည်။
“(၄)
ပါးတတွဲစီ အပါး (၅၀၀) လောက်တော့ ရှိတယ်။ ပတ္တနိကုဇ္ဇနကံဆောင်တာကို
အာမခံတဲ့ သဘောမျိုးပါပဲ။ တိုက်ကျောင်းရယ်၊ ဗောဓိရယ်၊ ၀ါဆိုရယ် ဒကာ၊
ဒကာမတွေက လက်အုပ်ချီပြီးတော့ သာဓုခေါ်တယ်”ဟု ဆရာတော်တပါးက မိန့်သည်။
သံဃာတပ်ပေါင်းစုမှ ထုတ်ပြန်တောင်းဆိုချက်များကိုလည်း
ထောက်ခံကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်၊ ပခုက္ကူသံဃာတော်များ ကိစ္စနှင့်
ပြည်သူတရပ်လုံး အဆင်ပြေစေရန် မေတ္တာပို့ အမျှပေးဝေခြင်းဖြစ်သည်ဟု အဆိုပါ
ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အဆိုပါသံဃာတော်များ ကြွချီလာပြီးနောက် ကြို့ပင်ကောက်ဈေးအား
သုံးကြိမ်ပတ်ကာ ကြွချီလာစဉ် မြို့ခံလူများက သကြားလုံး၊ ရေနှင့်
လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြ သည်ဟု ဆိုသည်။
“သံဃာအင်အားက ၅၀၀ ကျော်မယ်။ ရှေ့က ကိုယ်တော်တပါးက သာသနာ့အလံ ဘယ်တဖက်
ညာတဖက် ကိုင်ထားတယ်။ အလယ်ကတပါးက သပိတ်ကို မှောက်ကိုင်ထားပါတယ်။
မြို့လူထု ကတော့ အကုန်လုံးလမ်းပေါ်ထွက်ပြီး လက်အုပ်ချီပြီးတော့
လှူဖွယ်တန်းဖွယ်ပစ္စည်းတွေလည်း ကပ်ပါတယ်”ဟု မြိုခံတဦးက ဆိုသည်။
ယခုပြုလုပ်သည့် စီတန်းလှည့်လည်ကြွချီခြင်းသည် တတိယအကြိမ်ဖြစ်ပြီး ယခုလ
(၁၇)ရက်နေ့ နှင့် (၁၈)ရက်နေ့များတွင်လည်း သံဃာတော်များက
ဆန္ဒဖော်ထုတ်ခဲ့သည်။
“ဗုဒ္ဓဘာသာတယောက်အနေနဲ့ သံဃာတော်တွေကိုမြင်တော့ အရမ်းကို
ဂုဏ်ယူပါတယ်ခင်ဗျ။ ကျနော်တို့ရဲ့ဘာသာမှာ ဘုရားရဲ့အဆုံးအမကို
ခံယူပြီးတော့ လုပ်တဲ့အတွက် ဂုဏ်ယူမိတယ်။ သာသနာအကျိုးကို ဆက်ပြီးတော့
ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းမိတယ်။ ကျနော့်ရင်ထဲမှာ မျက်ရည်တောင်
လည်မိတယ်ခင်ဗျ”ဟု သံဃာများကို သွားရောက်ကြည်ညိုခဲ့သူတဦးက ဆိုသည်။
ယခု
သံဃာတော်များ၏ တောင်းဆိုချက်များသည် အချိန်ကြာမြင့်စွာကတည်းက လိုချင်
တောင့်တနေသော အချက်များဖြစ်ပြီး ယခုကဲ့သို့ သံဃာတော်များက ဦးဆောင်ကာ
ပြုလုပ်သည့် အတွက် ကယ်တင်ရှင်ပေါ်လာပြီဟုပင် စိတ်ထဲတွင် ထင်မိကြောင်း ၎င်းက
ဆက်လက်ပြောဆို သွားခဲ့သည်။ |