|
စစ်တွေမှာဆန္ဒပြနေ၊ အာဏာပိုင်များက
သံဃာတော်များတောင်းဆိုချက်ကို သဘောတူသည့်အတွက် အေးချမ်းစွာပြီးဆုံး
ရိုးမ ၃။
စက်တင်ဘာ ၁၉၊ ၂၀၀၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းမှစတင်၍ သံဃာတော်များက
သံဓိဌာန်ပြုကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေဆဲဖြစ်ပြီး
ပြည်နယ်အေးချမ်းသာယာရေးရုံးအတွင်း အာဏာပိုင်များနှင့် ဆွေးနွေးခဲ့သည်။
ယမန်နေ့က
ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးနှင့် ဖြိုခွဲခံခဲ့ရပြီးနောက် သံဃာတော်များက
ဦးဆောင် ကာ ယနေ့နေ့လည် (၁) နာရီခွဲမှစတင်ကာ ဆန္ဒပြနေခြင်းဖြစ်သည်။
စစ်တွေမြို့ရှိ ဆရာတော်ဦးဥတ္တမနေထိုင်ခဲ့ရာ ရွှေစေတီတွင် သံဃာတော် အပါး
(၇၀၀) ခန့်က စုရုံး၍ သံဓိဌာန်ပြုကာ မြို့တွင်းသို့
လမ်းလျှောက်ကြွချီခဲ့ရာ ပြည်သူအများက လက်ခုပ်များ တီးကာ
အားပေးထောက်ခံခဲ့ကြသည်။
“ရွှေစေတီကနေ
ဘုရားကြီးကိုပတ်ပြီး မြို့ထဲဘက် ထွက်လာတာ။ လမ်းမကြီးတလျှောက်
လျှောက်လာတာ၊ သံဃာတွေ တခုပြောတာက ပြည်သူတွေ လုံးဝဝင်မပါနဲ့လို့
ပြည်သူတွေကို မှာတယ်။ နောက်ကျတော့ ပြည်သူက ထိန်းလို့မရတော့ဘူး။
ပြည်သူတွေက သုံးလေးငါးထောင် လောက် ဖြစ်မယ်ထင်တယ်။ နောက်က လိုက်ကြတာ။
ကြွေးကြော်ပြီးတော့ သွားနေကြတယ်” ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
ယမန်နေ့က
အာဏာပိုင်များမှ မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်ခဲ့သည့်
ပြည်နယ်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက)ရုံးရှေ့တွင်
ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုကြွေးကြော် ခဲ့ရာ ပြည်သူလူထုမှာ ၈
ထောင်ခန့်နှင့် သံဃာတော် ၂ ထောင်ခန့် ဖြစ်သွားသည်ဟု ၎င်းက
ဆက်လက်ပြောဆိုသည်။
“အခုလက်ရှိတော့ ဦးဆောင်လာတဲ့ သံဃာတော်တွေကို (ပယက) ကခေါ်လို့ ရုံးထဲမှာ
ဆွေးနွေး နေတုန်းပဲ။ သံဃာတွေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေအတွက်
ဆွေးနွေးနေတာ။ အပြင်မှာတော့ ပြည်သူတွေကို သံဃာတော်တွေက
ဝိုင်းရံထိန်းထားပေးတယ်”ဟု အဆိုပါ မျက်မြင်သက်သေက ဆိုသည်။
စစ်အစိုးရသတင်းစာတွင် မည်သည့်သံဃာကိုမှ ယမန်နေ့ဖြစ်ပွားမှုတွင်
ဖမ်းဆီးထားခြင်းမရှိဘဲ တုတ်ဓားကိုင်ထားသည့် သံဃာတော် (၆) ပါးက
ရိုက်နှက်သဖြင့် အာဏာပိုင်များဘက်မှ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု
ဖော်ပြခဲ့ပြီး (ပယက)ရုံးအား ခဲနှင့် ပစ်ပေါက်သဖြင့် မျက်ရည်ယိုဗုံး
သုံးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
“အဲ့ဒါမဟုတ်ဘူး။ သံဃာတွေက ဘာမှကိုင်မထားဘူး၊ မရှုပ်ဖို့ပဲပြောတာ၊
ဖမ်းသွားတာက မြို့မ ပရိယတ္တိစာသင်တိုက်၊ သိဒ္ဒိသုခစာသင်တိုက်က သံဃာ ၃
ပါးကို ဖမ်းတယ်။ ညဘက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ စွမ်းအားရှင်ဆိုပြီးတော့
ပလုပ်တောင်ရပ်ကွက်က ဦးမြထူးပါတယ်၊ နောက်ရူပတောင်က ဦးဇော်ဇော်သာ
ဆိုတဲ့လူ ပါတယ်။ ရွာကြီးမြောက်က ဦးဘသိန်း ဆိုတဲ့လူ ပါတယ်”ဟု ယမန်နေ့
ဆန္ဒပြရာတွင်ပါဝင်သူတဦးက ဆိုသည်။
မျက်ရည်ယိုဗုံးနှင့် တိုက်ခိုက်မှုကြောင့် မျက်စိမမြင်တော့ဘဲ
ကြက်ခြေနီရုံးအတွင်းသို့ ဝင်ရောက်သွားသည့် စစ်တွေ မြို့ခံလူ ၁၀
ခန့်ကိုလည်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ယခု အချိန်အထိ အဆိုပါလူများ
ပြန်လွတ်မလွတ်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။
ယခုနောက်ဆုံး ရရှိသည့်သတင်းအရ စစ်တွေမြို့တွင် သံဃာနှင့် ပြည်သူများ
ဆန္ဒပြတောင်းဆိုမှု များကို အာဏာပိုင်များက လိုက်လျှောခဲ့သဖြင့် ညနေ (၃)
နာရီ (၄၀) မိနစ်တွင် အေးချမ်းစွာ ပြီးဆုံးသွားသည်ဟု ဆိုသည်။
ယခင်
စစ်တွေတွင် သံဃာတော်များဆန္ဒပြစဉ် ရေသန့်ဗူးလှူသည့်အတွက် နေ့တွင်းချင်း
ဖမ်းဆီး ထောင်ချခံခဲ့ရသူ စံပြမုန့်တိုက်မှ အလုပ်သမားနှစ်ဦးကို
ပြန်လွှတ်ပေးရန် သံဃာတော်များ တောင်းဆိုချက်ကို (ပယက)တာဝန်ရှိသူများက
သဘောတူညီခဲ့သည်။
“အာဏာပိုင်က
လွှဲပေးမယ်ပြောတယ်။ ဆွေးနွေးတဲ့ သံဃာတွေက အခုချက်ခြင်းလွှဲပေးဆိုတော့
တာဝန်ရှိတဲ့လူတွေက သံတွဲထောင်ကို ပြောင်းလိုက်ပြီလို့ ပြောတယ်၊
ဘယ်အချိန် ပြည်သူ လက်ထဲ အပ်မလဲလို့မေးတော့ စနေနေ့ကို
နောက်ဆုံးထားပြီးတော့ အရောက်ပို့ပေးပါမယ်လို့ ပြောတော့
သဘောတူညီချက်ရသွားတယ်”ဟု မျက်မြင်သက်သေက ဆိုသည်။
သံဃာတော်များတောင်းဆိုချက်မှာ (၄) ချက်ဖြစ်ပြီး သံဃာတော်တပါးက
သဘောတူညီချက် စာရွက်ကို ပြည်သူများအား ဖတ်ပြရာ အလှမ်းဝေးနေသဖြင့်
အခြားအချက်များကို မကြားခဲ့ရဘဲ သံဃာတော်များက သာသနာ့အလံကိုထူကာ
လူထုများက အေးချမ်းစွာ လူစုခွဲသွားခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူများမှာ ပြီးခဲ့သည့်လ (၂၈) ရက်နေ့က
ကုန်ဈေးနှုန်းကျဆင်းရေးပိုစတာများ ကိုင်ဆောင်ကာ သံဃာတော်အပါး ၂၀၀ က
ဆန္ဒပြစဉ် ရေသန့်ဗူးလှူဒါန်းခဲ့သည့် မြို့မမုန့်တိုက်မှ အသက် (၃၆)
နှစ်ရှိ ကိုစောသိန်းနှင့် အသက်(၄၀) ခန့်ရှိ ကိုဟန်မင်းလွင်တို့
ဖြစ်သည်။
“ပြည်သူတွေလည်း လူစုခွဲကြတယ်။ သာသနာ့အလံကိုထူပြီး မြို့လမ်းအတိုင်း
ချီတက်သွား ကြတယ်။ (၃) နာရီ (၄၀) မိနစ်လောက်မှာ အောင်မြင်စွာ
ပြီးသွားတယ်။ လူထုက သုံးလေးသောင်းလောက် ရှိတယ်။ သံဃာတွေကလည်း
ငြိမ်ငြိမ်လေးနေပါဆိုလို့ လမ်းပေါ်နဲ့ ရုံးရှေ့မှာ ထိုင်ပြီး
စောင့်နေခဲ့ကြတာ”ဟု ဆိုသည်။ |