|
ပြည်မြို့တွင် သံဃာတော်များ
ငြိမ်းချမ်းစွာဆန္ဒပြ
ဗထူး။
စက်တင်ဘာ ၁၉၊ ၂၀၀၇
ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေနံနက်က သံဃာတော်များက
လမ်းလျှောက်ကြွချီကာ မြို့တွင်းသို့ လှည့်လည်ရင်း ပရိတ်တရားတော်များ
ရွတ်ဖတ်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ပြည်နယ်တိုင်းအသီးသီးတွင် သံဃာတော်များက လူထုအကြပ်အတည်းများကို
ဖော်ထုတ်ခဲ့ သည့်အတွက် ပြည်မြို့သံဃာတော်များကလည်း မေတ္တာသုတ်ရွတ်ဖတ်ကာ
မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
“အပါး (၆၀၀)
လောက် ရှိတယ်။ သုံးပါးတတွဲစီ အတန်းနှစ်ဆယ်လောက်ရှိတယ်။ သင်္ကန်းတွေ
ရုံထားတယ်။ မောရသုတ်တို့၊ မေတ္တာသုတ်တို့ ရွတ်ပြီး ကြွခဲ့တာပါ။
လူတွေလည်း အားပေးကြ တယ်။ တချို့လည်း ဆွဲမှာကိုကြောက်တယ်”ဟု ပြည်မြို့မှ
လူငယ်တဦးက ဆိုသည်။
သံဃာတော်များသည် ဘုရားကြီးမှ ဗိုလ်ချုပ်လမ်း၊ ထိုမှတဆင့်
ကိုးသောင်းဘုရားမှ လမ်းမတော် လမ်းအတိုင်း လျှောက်လာခဲ့ကြပြီး
ဘုရားကြီးသို့ ပြန်ဝင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။
“လမ်းမတော်ဘက်ရောက်တော့ လူတွေက အများကြီးပဲ၊ လူတွေက ရေသန့်ဗူးကပ်တော့
မသောက်ဘူး၊ ပခုက္ကူမှာဖြစ်တာကို တောင်းပန်ဖို့ပြောတယ်။ တဖြည်းဖြည်းနဲ့
သံဃာတော်တွေ လည်း များလာတယ်။ ဘာအနှောင့်အယှက်မှ မဖြစ်ဘူး”ဟု
မျက်မြင်သက်သေတဦးက ဆိုသည်။
ယနေ့
ပြည်မြို့တွင် သံဃာတော်များက နံနက် (၇) နာရီခွဲတွင်
စတင်လမ်းလျှောက်ကြွချီကာ ဆန္ဒဖော်ထုတ်ခဲ့ရာ (၉) နာရီခွဲတွင်
သံဃာတော်များက အေးချမ်းစွာ မိမိတို့ စာသင်တိုက်များသို့ ဝင်ရောက်သွားကာ
အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။ |