Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကံဆောင်လိုက်ပြီဆိုတာ သက်သေပြလိုက်ပြီဟု မန္တလေးသံဃာကမိန့်ဆို

ဗထူး။ စက်တင်ဘာ ၁၉၊ ၂၀၀၇  

ယနေ့ စီတန်းလှည့်လည်ကာ မန္တလေးမြို့တွင်း လမ်းလျှောက်ကြွချီဆန္ဒဖော်ထုတ်ခြင်းမှာ ပတ္တနိကုဇ္ဇနကံဆောင်လိုက်ခြင်းကို သက်သေပြခြင်းဖြစ်သည်ဟု သံဃာတော်တပါးက မိန့်ကြားလိုက်သည်။ 

ယနေ့နံနက်စောစောတွင် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ စာသင်သားသံဃာတော်များ အများဆုံးပါဝင်သည့် သံဃာများက (၄၁) လမ်းမှစတင်ကာ မန္တလေးဘုရားကြီးသို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသသည့် လမ်းလျှောက်ကြွချီခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

မေတ္တာသုတ်ကို ရွတ်ဆိုကာ သံဃာတော်များက သုံးပါတတွဲစီဖြင့် လမ်းလျှောက်ကြွချီရာ လမ်းတလျှောက်တွင် မန္တလေးမြို့ခံ ပြည်သူထောင်ပေါင်းများစွာက အားပေးထောက်ခံခဲ့ရာ လုံခြုံရေးချထားသူများ ပျောက်ကွယ်ကုန်ကြသည်ဟု ဆိုသည်။

“အဲ့မှာစောင့်ကြည့်တဲ့ နအဖ ကတော့ ဘာဖြစ်သလဲမသိဘူး၊ ပြာပြာသလဲနဲ့ တွေ့တဲ့နေရာ ဝင်ပြေးတာပဲ၊ အစောင့်ကတော့ ကြပ်နေအောင်ထားတာပဲ၊ ဘယ်လောက်ဆိုတာ မသိဘူး၊ သုံးနာရီလောက် ကြာမယ်ထင်တယ်။ အဓိကကတော့ မန္တလေးမြို့ ပင်မ မစိုးရိမ်ကျောင်း တိုက်က အစမို့လို့လားတော့မသိဘူး၊ ကျန်တဲ့ တိုက်တွေကလည်း အနည်းနဲ့အများ ပါပါတယ်” ဟု လမ်းလျှောက်ကြွချီရာတွင် ပါဝင်သည့် အသောကရာမကျောင်းတိုက်မှ သံဃာတော် တပါးက မိန့်သည်။ 

မြို့ခံလူထုမှ ယခုကဲ့သို့ သံဃာတော်များ ပတ္တနိကုဇ္ဇနကံဆောင်မည်ကို စိတ်ဝင်စားကြပြီး စစ်အစိုးရမှ ပြည်သူအပေါ် ဖိနှိပ်ချုပ်ခြယ်လာသမျှကို သံဃာတော်များက ယခုကဲ့သို့ ဆုံးမသည် ကို အားတက်သရော ကြိုဆိုခဲ့ကြသည်ဟု ယင်းကိုယ်တော်က ဆက်လက်မိန့်ကြားသည်။

“ပတ္တနိကုဇ္ဇနကံနဲ့ပတ်သက်ရင် ဒါ ပထမအဆင့်ပဲ ပြောရမှာပေါ့၊ သူတို့ဘက်က လုံးဝကို ဖြေရှင်း ချက်က ပေးမှာမဟုတ်ဘူး၊ သူတို့ဘက်က တောင်းပန်လောက်အောင်တော့ ဦးဇင်းတို့ဘက်က စီစဉ်ထားတာပါဘဲ၊ သံဃာ့ထုံးတမ်းစဉ်အရ နောက်တဆင့်တက်ရမှာ။ အသံဘောဂတို့ဆိုတဲ့ အဆင့်တွေနဲ့ တဆင့်ပြီးတဆင့် တက်ရမှာပေါ့။ မန္တလေးက သံဃာတွေကလည်း ကံဆောင်လိုက် ပြီဆိုတာ သက်သေပြလိုက်တာပါ”ဟု သံဃာတပါးက မိန့်ဆိုသည်။  

ယမန်နေ့မှစတင်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်နယ်နှင့် တိုင်းများရှိ သံဃာတော်များက စစ်အစိုးရအား ပတ္တနိကုဇ္ဇနကံဆောင်ပွဲများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် မန္တလေးမြို့ရှိ သံဃာတော်များကလည်း စတင်ကာ လမ်းလျှောက်ကြွချီခဲ့ရာ (၃) နာရီခန့် ကြာမြင့်ခဲ့သည်။ 

“ဒါမျိုးက အစောကြီးထဲက ဖြစ်သင့်တာ၊ ပြည်သူလူထုကလည်း ဒုက္ခဆင်းရဲခံနေရတာ။ သံဃာတော်တွေက ကျနော်တို့အတွက် ရှေ့က ဦးဆောင်ပြီး လုပ်တဲ့အခါမှာ ဝမ်းသာတယ်။ သုံးပါးတွဲ အပါးငါးရာကျော်လောက် ရှိမယ်။ ကိုယ်တွေမလုပ်နိုင်တဲ့ အလုပ်ကို သံဃာတော် တွေက ဦးဆောင်လုပ်ပေးတာကြောင့် ဝမ်းသာတယ်။ ကျနော်တို့လည်း မလုပ်သာသေးလို့ပေါ့၊ လုပ်သာတဲ့အခါ လုပ်ဖို့ စိတ်ထဲမှာ ရှိတယ်ခင်ဗျ”ဟု မန္တလေးမြို့နေသူတဦးက ဆိုသည်။ 

ယနေ့ မန္တလေးမြို့ဆန္ဒဖော်ထုတ်ပွဲတွင် မြို့နေလူထုများသည် သံဃာတော်များ ကြွချီရာတွင် နောက်ဘက်မှမလိုက်ဘဲ လမ်းဘေးဝဲယာမှ လူတိုင်း ထွက်ကြည့်အားပေးခဲ့သဖြင့် လူဦးရေ မခန့်မှန်းနိုင်လောက်အောင် များပြားသည်ဟု ဆိုသည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org