|
ကျောက်ပန်းတောင်းသံဃာတော်များ
သပိတ်မှောက်ကြွချီ
ဗထူး။
စက်တင်ဘာ ၁၈၊ ၂၀၀၇
ယနေ့နံနက်တွင် ကျောက်ပန်းတောင်းရှိ စိတ္တပါလ ဂူကျောင်းစာသင်တိုက်မှ
သံဃာတော်များက သပိတ်များကို မှောက်လျှက်ကိုင်ဆောင်၍ လူထုအကြပ်အတည်းကို
ဖော်ထုတ်ကာ လမ်းလျှောက်ကြွချီ ဆန္ဒဖော်ထုတ်ခဲ့သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူလူထုကြုံတွေ့နေရသည့်
အကြပ်အတည်းကို ဖော်ထုတ် သည့်အနေဖြင့် သံဃာတော်များက သပိတ်ကိုမှောက်ကာ
ပရိတ်တရားများရွတ်ဖတ်၍ လမ်းလျှောက်ကြွချီခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မနက်
(၈) နာရီမှာဖြစ်တာ၊ မနေ့က လှည့်တုန်းကမပါတဲ့ကျောင်းက ကိုယ်တော်တွေ အပါး
(၂၀၀)လောက်က မြို့ထဲလှည့်ပြီးတော့ သပိတ်ကိုမှောက်ပြီး ကိုင်သွားတာ၊
ဈေးပတ်တယ်၊ မြို့ထဲလှည့်တယ်၊ ဒီနေ့ထူးခြားတာက ဦးဇင်းတို့လိုမဟုတ်ဘဲ
သပိတ်ကိုမှောက်ကိုင်တာ”ဟု ခေမာသီလဝန်ကျောင်းမှ သံဃာတော်တပါးက
မိန့်သည်။
ယမန်နေ့က
ဆန္ဒဖော်ထုတ်ခဲ့သည့်အတိုင်း အာဏာပိုင်များဘက်မှ နှောင့်ယှက်တားဆီးခြင်း
မရှိသော်လည်း နောက်မှလိုက်ကာ စောင့်ကြည့်သည့်ပုံသဏ္ဍန်သာ ရှိသည်ဟု အဆိုပါ
သံဃာတော်က ဆက်လက်မိန့်ဆိုသည်။
အခြားမြို့များ၌ ဘုန်းကြီးကျောင်းအနီးတ၀ိုက်တွင် လုံခြုံရေးများ
တင်းကြပ်စွာ ချထား သော်လည်း ကျောက်ပန်းတောင်းတွင်
လုံခြုံရေးများချထားခြင်းမရှိဘဲ တည်ငြိမ်အေးဆေးနေ သည်ဟု ဆိုသည်။
စစ်အစိုးရက
ပခုက္ကူသံဃာတော်များအား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးပြီးနောက်
နိုင်ငံတ၀ှမ်းရှိ သံဃာတော်များအကြား မကျေမနပ်ဖြစ်ကာ
သံဃာတပ်ပေါင်းစုမှလည်း စစ်အစိုးရအာဏာပိုင် များအား ယနေ့မှစတင်ကာ
ပတ္တနိကုဇ္ဇနကံဆောင်လိုက်ပြီဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များနှင့် ၀န်ကြီးဌာနများမှ မြို့နယ်အသီးသီးရှိ
အထင်ကရကျောင်းတိုက် များသို့ ဆွမ်းဆန်၊ ဆီနှင့်
အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်သည့်လုပ်ဆောင်မှုများကို ပြုလုပ်ကာ
မြန်မာ့အလင်းသတင်းစာနှင့် ရုပ်မြင်သံကြားအစီအစဉ်များက
အဆိုပါသတင်းများကို ဦးစားပေး ဖော်ပြလျှက်ရှိသည်။
“(မယက)တို့
ဘာတို့ ဆွမ်းတို့ဘာတို့လာလှူတာ မရှိဘူး၊ လှူလည်းပဲ မစားတော့ဘူး၊
ဒီနေ့စပြီး သပိတ်မှောက်ကံဆောင်ပြီ၊ (မယက)ကနေ ဆရာတော်ကြီးတွေခေါ်ပြီး
တားတာလည်းမရှိဘူး” ဟု ခေမာသီလ၀န်ကျောင်းမှ သံဃာတော်က ဆိုသည်။
စိတ္တပါလဂူကျောင်းသည် မြို့အပြင်ဘက် မိထ္ထိလာလမ်းဘေးတွင် တည်ရှိပြီး
ယနေ့နံနက် သံဃာတော်များ ဆန္ဒပြမှုတွင် မြို့ခံလူများမှာ ယမန်နေ့ကထက်
ပိုမိုများပြားပြီး စက်ဘီး၊ ဆိုင်ကယ်များဖြင့် လိုက်လံအားပေးခဲ့ကြသည်ဟု
ဆိုသည်။ |