|
ပခုက္ကူတွင် စွမ်းအားရှင်အလိုမရှိ
ရိုးမ ၃။
စက်တင်ဘာ ၇၊ ၂၀၀၇
မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ သံဃာတော်များအား အာဏာပိုင်များက အကြမ်းဖက်
ရိုက်နှက် ဖမ်းဆီးပြီးနောက်ပိုင်း အခြေအနေများတင်းမာနေရာ အမှတ် (၃)
အလယ်တန်းကျောင်းနံရံတွင် စွမ်းအားရှင်အလိုမရှိဆိုသည့် စာတန်းကို
ဆေးမှုတ်ရေးသားထားသည်။
‘သောတုဒနဋိက’အဖွဲ့ဟုဆိုကာ
အနက်ရောင်ဆေးဖြင့် အဆိုပါစာတန်းကို ရေးသားထားကာ စွမ်းအားရှင်နှင့်
ကြံ့ဖွံ့ခေါင်းဆောင်အိမ်များကို ဖြိုချနေခြင်းဖြစ်သည်။
သံဃာတော်များသည် အင်အား (၇၀) (၈၀) ခန့် အဖွဲ့များဖွဲ့ကာ
ပခုက္ကူမြို့တွင်းသို့ ယမန်နေ့ည တွင် စုဖွဲ့ကြွချီနေရာ အာဏာပိုင်များ၏
လုံခြုံရေးများမရှိဘဲ ရပ်ကွက်နှင့် လမ်းမပေါ်တွင် သံဃာ တော်များက
စောင့်ကြပ်နေခဲ့သည်။
“ဟိုနေ့ကလုပ်တဲ့ နှစ်တစ် ခင်မောင်ဝင်းအိမ်တော့ ပြိုသွားပြီ၊ နှစ်တစ်
ခင်မောင်ဝင်းလည်း ထွက်ပြေး နေတယ်။ ဦးဝင်းမြင့်အိမ်လည်း
ဖျက်ပြီးပြီလို့ သတင်းကြားတယ်။ နေနတ်သားဆိုင်၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး
အတွင်းရေးမှူး လှဝင်းနိုင်ရဲ့ အီလက်ထရောနစ်ပစ္စည်း ရောင်းတဲ့ဆိုင်၊
ဟမ်းဖုန်းအခွံ ရောင်းတဲ့ဆိုင်ကို ဖျက်လိုက်ပြီ”ဟု မျက်မြင်သက်သေတဦးက
ဆိုသည်။
နှစ်တစ်
ခင်မောင်ဝင်းသည် ပခုက္ကူတွင် နာမည်ကြီး လူမိုက်ဖြစ်ပြီး သံဃာတော်များအား
အကြမ်းဖက်ရာတွင် အမှတ် (၁) ရပ်ကွက်ဥက္ကဋ္ဌဟောင်း၊ ကြံ့ဖွံ့အဖွဲ့ဝင်
ဦးဝင်းမြင့်၏ ခိုင်းစေ ချက်အရ ဓါတ်တိုင်တွင်
ကြိုးတုတ်ရိုက်နှက်ခံခဲ့ရသည့် သံဃာနှစ်ပါးအား ဖမ်းဆီးခဲ့သူဖြစ် ကြောင်း
၎င်းက ဆက်လက်ပြောဆိုသည်။
ယမန်နေ့ည
(၉) နာရီခွဲခန့်တွင် မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူ လှဝင်းနိုင်ပိုင်
နေနတ်သား ဆေးတိုက်အား မဖျက်သေးသော်လည်း ၎င်းပိုင် ယခင်
ပါတီယူနစ်ရုံးဟောင်းအား ငှားရမ်းထား သည့် နေနတ်သား
အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်အား သံဃာတော်များက ဖျက်ဆီး
လိုက်ခြင်းဖြစ်သည်။
“ရပ်ကွက်က
လူတွေကလည်း သတင်းပေးတယ်။ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်ဆိုတဲ့အိမ်တွေကို
သံဃာတွေကလည်း အနည်းဆုံး သတင်းရတဲ့အိမ်ကို မဖျက်ရင်တောင်
ခဲနဲ့ပေါက်ကြတာ”ဟု ဒေသခံက ဆိုသည်။
ယနေ့နံနက်တွင် စစ်အစိုးရအာဏာပိုင်များက လုံခြုံရေးအရ
လှုပ်ရှားဆောင်ရွက်မှုမရှိဘဲ သံဃာ တော်များမှာ
ကျောင်းတိုက်အတွင်းရှိနေပြီး ပခုက္ကူမြို့သားများအနေဖြင့်
မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်နေသည်ဟု ဆိုသည်။ |