|
တိုက်အုပ်ဆရာတော်ကြီး
ကျန်းမာရေးကြောင့် ဖမ်းဆီးထားသူများကို ရဟန်းပျိုများက
ပြန်လည်လွှတ်ပေးလိုက်
ဗထူး။
စက်တင်ဘာ ၆၊ ၂၀၀၇
နာရီပေါင်းများစွာ စစ်အစိုးရအာဏာပိုင်များအား ထိန်းသိမ်းထားပြီးနောက်
တိုက်အုပ်ဆရာတော် ကျန်းမာရေး ဆိုးဝါးလာသဖြင့် ရဟန်းပျိုများက
ဖမ်းဆီးထားသူများကို ယနေ့ ညနေအချိန်တွင် ပြန်လည်လွှတ်ပေးလိုက်သည်။
တိုက်အုပ်ဆရာတော် အရှင်ဦးမင်္ဂလ၏ သွေးတိုးရောဂါအခြေအနေကြောင့်
ဆရာတော်ကြီးများမှ မေတ္တာထားရန် ရဟန်းပျိုများကို အကြိမ်ကြိမ်
တောင်းဆိုသဖြင့် ဖမ်းဆီးထားသူ အာဏာပိုင်များ ကို ပခုက္ကူမြို့
ရဟန်းပျိုများက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“တိုက်အုပ်ဆရာတော်ကြီးက မူးလဲမဲ့အခြေအနေအထိ ဖြစ်တာ၊ ဒါနဲ့ တိုက်က
ဆရာတော်တွေ၊ ကျောင်းထိုင်တွေက မေတ္တာနဲ့တုံ့ပြန်ဖို့၊
ဘယ်သူမေတ္တာပျက်ပျက် မပျက်ဖို့၊ ဘုရားသားတော်တွေ ဖြစ်တဲ့အတွက်
မေတ္တာထားဖို့ ပြောတာပေါ့၊ ဟိုကောင်တွေကိုလည်း မောင်ရင်တို့လည်း
တို့သံဃာတော်တွေအပေါ် အဃာတမထားဖို့ပြောပြီး ကျောင်းနောက်ပေါက်က လွှတ်ပေး
လိုက်တာ”ဟု ဘွဲ့အမည်မဖော်လိုသည့် သံဃာတော်တပါးက ဆိုသည်။
ယမန်နေ့က
ဖမ်းဆီးသွားသည့် သံဃာတော်များအနက် ယနေ့နံနက်က အရှေ့ကျောင်းတိုက်မှ သံဃာ
၃ ပါးကို ပြန်လွှတ်ပေးလိုက်ပြီး အဆိုပါသံဃာတော်များ၏
ဘွဲ့အမည်ကိုမသိကြောင်း ပခုက္ကူမြို့ခံတဦးက ဆိုသည်။
သူက
“အရှေ့မှာကလည်း လူအုပ်ကြီးက ရှိနေတယ်၊ အရှေ့ကလွှတ်ရင်
လူအုပ်ကြီးနဲ့တိုးပြီး ထပ်ပြဿနာတက်မှာစိုးတာကြောင့် သံဃာတော်တွေက
နောက်ဖေးပေါက်ကနေ လူမသိ သူမသိ လွှတ်ပေးလိုက်တာ၊ မိဘဂုဏ်ဆိုတဲ့
လိုင်းကားစုတ်စုတ်နဲ့ တင်ပေးလိုက်တာ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ယမန်နေ့က
အာဏာပိုင်များက သံဃာတော်များလမ်းလျှောက်ကြွချီခြင်းကို စစ်တပ်၊
ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် အာဏာပိုင်များက အကြမ်းဖက်
ဖမ်းဆီးခဲ့ပြီးနောက်တွင် ယနေ့နံနက် (၉) နာရီမှ စတင်ကာ သံဃာတော်များက
ကျောင်းတိုက်အတွင်း ၀င်ရောက်လာသည့် အာဏာပိုင်များအား ဖမ်းဆီးခဲ့ပြီး
၎င်းတို့ပိုင် ကား ၄ စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။
ဖမ်းဆီးခံထားရသူများမှာ (မယက)ဥက္ကဋ္ဌ ဦးသိန်းဆွေ၊ (ခယက)ဥက္ကဋ္ဌ
ကိုတင်မောင်စိုး၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးသိန်းဌေး၊ ဦးတင့်ဆွေ ၊
တိုင်းသာသနာရေးဦးစီးမှူး နှစ်ဦးနှင့်
မန္တလေးပရိယတ္တိတက္ကသိုလ်ကားနှင့်ပါလာသူ ၅ ဦး ဖြစ်ကြောင်း
အဆိုပါမျက်မြင်သက်သေက ဆိုသည်။
ယခုလက်ရှိတွင် ပခုက္ကူမြို့၌ လုံခြုံရေးများ ဗြောင်ကျကျ ချမထားသော်လည်း
အရပ်ဝတ်ဖြင့် ရဲများ နေရာအချို့တွင် မြင်တွေ့နေရပြီး
အာဏာပိုင်များ၏အမိန့်ကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်အချို့
ငြင်းဆန်နေသည်ဟု ဆိုသည်။
“လုံခြုံရေးအခြေအနေက သူတို့က ယူနီဖောင်းမ၀တ်ရဲဘဲနဲ့ အရပ်ဝတ်တွေနဲ့ကတော့
ကြွက်တွေ ဟိုနေရာတွေ့ ဒီနေရာတွေ့နဲ့ပဲ။ (ရယက)ဥက္ကဋ္ဌတွေမှာ
တော်တော်ခက်ခဲသွားပြီ။ စွမ်းအားရှင်တို့၊ မီးသတ်တို့ကို (ရယက)ဥက္ကဋ္ဌတွေ
ခေါ်လို့မရတော့ဘူး။ ဒီဘုန်းကြီးတွေကို နှိပ်စက်တာလည်း မြင်တယ်၊
ပြည်သူကို ကြောက်တာလည်းပါတယ်၊ ဘုန်းကြီးတွေကို နှိပ်စက်လို့
မခံမရပ်နိုင် တာလည်းပါတယ်”ဟု ဒေသခံတဦးက ဆိုသည်။
စွမ်းအားရှင်၊ မီးသတ်၊ ကြံ့ဖွံ့အဖွဲ့ဝင်များသည် (ရယက)ဥက္ကဋ္ဌများ
လိုက်ခေါ်ခိုင်းလျှင် ယခင် ကလို မလိုက်တော့ဘဲ
(ရယက)ဥက္ကဋ္ဌများကိုယ်တိုင်ပင် အကာအကွယ်မဲ့သွားပြီကို သိသဖြင့်
ဘုန်းကြီးကျောင်းငယ်များတွင် ပုန်းအောင်းနေရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ |