Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပခုက္ကူတွင် သံဃာများနှင့် အာဏာပိုင်အကြား အခြေအနေတင်းမာနေ

ဗထူး။ စက်တင်ဘာ ၆၊ ၂၀၀၇ 

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ယနေ့နံနက်က ကျောင်းတိုက်များသို့ လာရောက်တောင်းပန် ဖိအားပေးသည့် အာဏာပိုင်ကားတစီးကို သံဃာတော်များက မီးရှို့ဖျက်ဆီးလိုက်ပြီး နှစ်ဖက် အကြား တင်းမာလျှက်ရှိသည်။ 

ယမန်နေ့က သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြလမ်းလျှောက်ကြွချီခြင်းကို အာဏာပိုင်များက နယ်မြေခံတပ်ရင်းမှ တပ်ခွဲတခွဲဖြင့် သေနတ်ပစ်ဖောက် နှိမ်နင်းလိုက်ခြင်းအပေါ် ယနေ့ နှစ်ဖက်ကြား အခြေအနေ တင်းမာနေခြင်းဖြစ်သည်။ 

ယမန်နေ့က သေနတ်ဖြင့်ပစ်ဖောက်ကာ သံဃာတော်များဆန္ဒပြမှုကို နှိမ်နင်းခဲ့ပြီးနောက်ပိုင်း သံဃာတော် (၆)ပါးအား ဖမ်းဆီးခေါ်ဆောင်သွားကာ အမှတ် (၁၀၁) တပ်မဌာနချုပ်နှင့် ရဲစခန်းတို့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ညပိုင်းတွင်  သံဃာတော် (၃)ပါးအား ပြန်လည်လွှတ်ပေး လိုက်သည်။ 

ပခုက္ကူခရိုင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တာဝန်ကျသူက “ကျနော်တို့ အဲ့ဒီသုံးပါးက လွှတ်ပြီးပါပြီခင်ဗျ၊ တပ်မ (၁၀၁) က ဖမ်းတာပါ၊  ကက(ကြည်း) က လွှတ်ခိုင်းလို့ လွှတ်ပေး လိုက်ပါတယ်၊ ယာယီ ဒုမှူးကြီး ခင်မောင်ဌေးအမိန့်နဲ့ လွှတ်ပေးလိုက်ပါတယ်”ဟု ဆိုသည်။ 

ယမန်နေ့က ဖမ်းဆီးသွားခံရသော သံဃာတော်သုံးပါမှာ ဦးစန္ဒိမာ (ဗောဓိမဏ္ဍိုင်ကျောင်းတိုက်)၊ ဦးပညာစက္က(အနောက်တိုက်ကျောင်း)နှင့် ဦးပညာနန္ဒ(အနောက်တိုက်ကျောင်း)တို့ ဖြစ်သည်။ 

သံဃာတော်များအား ပစ်ခတ်မှုတွင် တမခ (၁၀၁)  လက်အောက်ခံ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးမျိုးသန့်ဇင် ဦးစီးသည့် တပ်ဖွဲ့၊ မြို့နယ်ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးအေးမြင့်နှင့် ကြံ့ဖွံ့အဖွဲ့၊  (မယက)နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့သည်။ 

အနောက်တိုက်ကျောင်းတိုက်မှ ဦးပညာစက္ကနှင့် ဦးပညာနန္ဒတို့ နှစ်ပါးမှာ ဓါတ်တိုင်တွင် ကြိုးဖြင့် တုတ်နှောင်ခြင်းခံခဲ့ရပြီး ဦးပညာစက္ကတွင် လည်ပင်း၌ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ဦးသံဝရမှာ လောက်လေးနှင့် ပစ်ခတ်ခံရသည့် ဒဏ်ရာရရှိခဲ့သည်။ 

“ဦးပညာစက္ကနဲ့ ဦးပညာနန္ဒကို ရဲစခန်းထဲကို ဖမ်းသွားတယ်။ လူဝတ်လဲခံရတယ်။ အချုပ်ခန်း ထဲကို ခဏသွင်းလိုက်သေးတယ်။ ပြန်လွှတ်ပေးတော့မှ သင်္ကန်းပြန်ဝတ်ပေးပြီး လွှတ်ပေးတာ” ဟု မြို့ခံတဦးက ဆိုသည်။ 

ယနေ့တွင် ပခုက္ကူကျောင်းတိုက်မှ ဂေါပကများအား ခရိုင်(ခယက)ရုံးတွင် ခေါ်ယူဆွေးနွေးပြီး တိုင်းသာသနာရေး ဦးစီးမှူး၊ ဒုဦးစီးမှူး၊ ပခုက္ကူမြို့ ရပ်မိရပ်ဖ ဦးတင့်ဆွေ၊ မန္တလေးပဋိရတိ တက္ကသိုလ်မှ လူကြီးများအပါအဝင် ကား ၅ စီးဖြင့် ကျောင်းတိုက်များသို့ ဝင်ကာ တောင်းပန် မှုများ ပြုလုပ်ခဲ့သည်။ 

“ဒီနေ့မနက် (၉) နာရီ (၄၅) မိနစ်လောက်မှာ ဝင်တယ်။ ဘုန်းကြီးတပါးကတော့ အတည်ပြုလို့ မရသေးဘူး၊ ပျံလွန်တော်မူတာတော့ သေချာတယ်လို့ ပြောတယ်။ အလယ်တိုက်ကိုဝင်တော့ တိုက်တခါးပိတ်ပြီးတော့ အဲ့ဒီကား ၅ စီးကို ဘုန်းကြီးတွေက ၀ိုင်းဖမ်းထားလိုက်တယ်။ ဈ/၃၈၈၆ မာစတာဂျစ်ကို လမ်းမှာထုတ်ပြီးတော့ မီးရှို့ထားတယ်။ အဲ့ဒီလူကြီးတွေအကုန်လုံးကို ဖမ်းထားတယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။ 

ယခုအချိန်အထိ သံဃာတော်များက ကျေုာင်းတိုက်တခါးများကို ပိတ်ထားပြီး အာဏာပိုင်များ အား ဖမ်းဆီးထားကာ ပခုက္ကူမြို့ပေါ်တွင်လည်း မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပေါ်နေ၍ မန္တလေးမြို့သံဃာတော်များကလည်း အဆိုပါသတင်းကို ကြားသိကာ ပခုက္ကူမြို့သို့ ရေလမ်းကြောင်းဖြင့် တက်ရောက်လာနေသည့်သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org