|
ကား ၄ စီး မီးရှို့လိုက်ပြီ
ပြည်သူတသောင်းကျော်က ဘုန်းကြီးကျောင်းကိုဝန်းရံထား
ဗထူး။
စက်တင်ဘာ ၆၊ ၂၀၀၇
ယမန်နေ့က
ဆန္ဒပြသံဃာတော်များကို အာဏာပိုင်များက အကြမ်းဖက်ဖမ်းဆီးကာ သေနတ် ဖောက်
ဖြိုခွဲခဲ့သည့်အတွက် မကျေနပ်သည့် ပခုက္ကူပြည်သူများက ကား ၄ စီးကို
မီးရှို့ကာ လူတသောင်းကျော်က ဘုန်းကြီးကျောင်းကို ၀န်းရံထားသည်။
ယနေ့နံနက်ပိုင်းက အာဏာပိုင်များအား ဖမ်းဆီးထားသည့်
ပခုက္ကူမြို့အလယ်တိုက်ကျောင်း ရှေ့တွင် အာဏာပိုင်များ၏ ကားများကို
မီးရှို့ကာ ပြည်သူများက အဆိုပါကျောင်းကို ဝန်းရံ ထားခြင်းဖြစ်သည်။
“ကား ၄ စီး
မီးရှို့လိုက်ပြီ (ဓ/၁၁၉၁) မာစတာဂျစ်၊ (၄က/၅၇၃၇) အဲ့ဒါက မန္တလေးပဋိယတ္တိ
ိတက္ကသိုလ်က ဘင်ကားအဖြူ၊ (ဆ/၁၁၈၁) CJ 5 အဲ့ဒါက ပခုက္ကူ(ခယက)ဥက္ကဋ္ဌ
ဦးတင်မောင်စိုး ကား၊ ကုန်သွားပြီ”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
ယနေ့နံနက်ပိုင်းက အာဏာပိုင်များသည် ပခုက္ကူဘုန်းကြီးကျောင်းများသို့
ဖိအားပေးတောင်းပန် ရန် လာရောက်ခဲ့ပြီးနောက် သံဃာတော်များက ကားတစီးကို
မီးစတင်ရှို့ခဲ့ကာ ယနေ့နံနက် (၁၀) နာရီခွဲတွင် နောက်ထပ် ကား ၃ စီးကို
ထပ်မံမီးရှို့လိုက်သည်။
“(၁၀)
နာရီခွဲလောက်က စတာဆိုတော့ လူအုပ်ကြီး သောင်းဂဏန်းချီမှာပဲ။
လမ်းအပြည့်ပဲ။ ဘုန်းကြီးတွေကလည်း အလယ်တိုက်အုတ်တံတိုင်းပေါ်မှာ
အပြည့်ပဲ၊ ဘုန်ကြီးတွေက လူကို စောင့်ရှောက်တာပါပဲ။ လူအုပ်က
ပါလာမှာစိုးတာပေါ့၊ ကားတွေကို အပြင်ကိုထုတ်ထုတ်ပြီးတော့ ဘုန်းကြီတွေက
ထုတ်ပေးတာ လူတွေက ကားတွေကို ၀ိုင်းလှန်ပြီး ပက်လက်လှန်ပစ်တာ
ဘုန်းကြီးတွေက လူတွေ မလုပ်ကြနဲ့ဆိုပြီး သူတို့ဘာသာ လုပ်တာများပါတယ်”ဟု
သွားရောက် ကြည့်ရှုခဲ့သူတဦးက ဆိုသည်။
ယခုကားများမှာ သာသနာရေးဦးစီးဌာန၊
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်
အာဏာပိုင်များ၏ ကားများဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယမန်နေ့က
ဆန္ဒပြမှုတွင် သံဃာတော်များအနေဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက်ကြွချီရာ
လမ်း တလျှောက်တွင် လက်ခုပ်တီးသော ပြည်သူများကိုပင် မတီးရန်နှင့် ကွမ်း၊
ရေနှင့် အစားအစာများ ဆပ်ကပ်သည်ကိုပင် လက်မခံဘဲ လူထုနှင့် ကြံ့ဖွံ့၊
စွမ်းအားရှင်၊ အာဏာပိုင်များ ထိပ်တိုက် တွေ့မည်ကို မလိုလားခဲ့ဘဲ
အေးချမ်းစွာ အပြီးသတ်မည်ဆိုသည်ကိုပင် ရဲနှင့် ကြံ့ဖွံ့များကို
မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။
သို့သော်
အာဏာပိုင်များက သံဃာတော်များ၏ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ
ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက သံဃာတော်နှစ်ပါးအား ဓါတ်တိုင်တွင်
ကြိုးတုတ်ရိုက်နှက်သည်အထိ ကျူးလွန်ခြင်းနှင့် စစ်တပ်မှ သေနတ်ဖြင့်
ပစ်ဖောက်ခြောက်လှန့်ခြင်းတို့အတွက် ယနေ့ဖြစ်ရပ် များ
ပေါ်ပေါက်လာခဲ့သည်ဟု ဒေသခံတဦးက ဆိုသည်။
၎င်းက “ကြံ့ဖွံ့အတွင်းရေးမှူးက
ဘုန်းကြီးနှစ်ပါးထွက်ပြေးတာကို ဟိုနှစ်ကောင်ကို မိအောင်ဖမ်း ဆိုတာတွေ၊
ကျွဲတွေ နွားတွေလို ကြိုးကွင်းပစ်ဖမ်းတာ၊ သေနတ်ဖောက်တာတွေ အဲ့ဒါတွေက
တော်တော်ဆိုးပါတယ်။ ကိုယ်တော်လေးတပါးကို ဖမ်းသွားတုန်းမှာ စစ်သားက
သေနတ်ဒင်နဲ့ ရိုက်တာ ၊ အဲ့ဒီဒဏ်ရာနဲ့ ဆုံးတယ်လို့ကြားတာတော့
အတည်ပြုဖို့ခက်ပါတယ်။ နောက်ဆုံး ဘုန်းကြီးတွေ ပေါက်ကွဲတာတော့
အဲ့ဒီကိုယ်တော်လေး ပျံလွန်တော်မူတယ်လို့ကြားတာကြောင့် အဆုံးစွန်ထိ
ပေါက်ကွဲတာ ဖြစ်ဖို့များပါတယ်”ဟု ပြောသည်။
ယခုလက်ရှိအချိန်အထိ စစ်တပ်နှင့်အာဏာပိုင်များ၏ လုံခြုံရေးအရ
လှုပ်ရှားမှုများ မမြင်တွေ့ရ သလို မည်သည့်အာဏာပိုင်မှ
ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ဖြေရှင်းနေခြင်းလည်း မတွေ့ရကြောင်း
၎င်းက ဆက်လက်ပြောဆိုသည်။ |