Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဘိုကလေးမြို့တွင် ဆန္ဒပြပြီ
အာဏာပိုင်နှင့် ပြည်သူ ယခုအချိန်အထိ ရင်ဆိုင်ထားဆဲ

ဗထူး။ စက်တင်ဘာ ၅၊ ၂၀၀၇ 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်သည့်အတွက် လူထု လမ်းလျှောက်ဆန္ဒပြပွဲတခု ယနေ့နံနက်က ဖြစ်ပွားခဲ့သည်။ 

နိုင်ငံအနှံ့ ပြည်သူများက လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့် အကြပ်အတည်း ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြလမ်းလျှောက်မှုများ ဖြစ်ပေါ်နေသလို ယနေ့နံနက် (၈) နာရီ (၄၅) မိနစ်တွင် အဆိုပါမြို့တွင်လည်း အလားတူ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့လမ်းလျှောက်ဆန္ဒပြမှုကို ဘိုကလေးမြို့နယ် (NLD)ပါတီ မြို့နယ်စည်းရုံးရေးကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့သည်။ 

ဖျာပုံသင်္ဘောဆိပ်ကနေ စလျှောက်တာ။ နောက်တော့ ဧရာဝတီသင်္ဘောဆိပ်အတိုင်း တက်လာ တယ်။ ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားတယ်။ အာဏာပိုင်တွေက နောက်ကလိုက်လာ တယ်။ ဂန္တမာလ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ (မယက)နဲ့ ရဲတွေ ရောက်လာတာ” ဟု အမည် မဖော်လိုသူ (NLD)အဖွဲ့ဝင်တဦးက ပြောသည်။  

(ထ/၄၀၃၂) ဒိုင်နာကားပေါ်တွင်၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကို တင်ဆောာင်လာပြီး (မယက)နှင့် ရဲတပ်ဖွဲ့ဝင်များက ဘိုကလေးမြို့နယ် (NLD)ပါတီဥက္ကဋ္ဌ ဦးအောင်ခင်ဘိုအား ခေါ်ဆောင်သွားပြီး နောက် (NLD)ပါတီဝင် ဒေါ်မိမိစိန်နှင့် ဒေါ်ခင်လေးမှ လူထုအား တရားဟောသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“မြို့ကလူတွေက အားလုံးသိကုန်ပြီ၊ လူထောင်ကျော်နေပြီ၊ ဈေးရှေ့မှာပေါ့၊ ရုန်းရင်းဆန်ခတ် တော့ ဖြစ်နေတယ်။ ခုထိမပြီးသေးဘူး၊ တရားဟောတာလည်း ရှိတယ်၊ လူတွေတော့ အများကြီး ဈေးသွားဈေးလာချိန်လည်း ဖြစ်တယ်”ဟု မြို့ခံတဦးက ဆိုသည်။ 

(၁၁) နာရီ (၁၅) မိနစ်တွင် (မယက)မှ လွှတ်လိုက်သော ဒိုင်နာကားတစီး ထပ်ရောက်လာကာ ဆန္ဒပြရာတွင် ပါဝင်သည့် ဦးခင်မောင်ချစ်ကို လိုက်ခဲ့ရန်ပြောဆိုရာ မြို့ခံလူထုများက အဆိုပါ ကားအား မောင်းထုတ်လိုက်ရာ ကားမှာ ပြန်လှည့်သွားခဲ့သည်ဟု ဆိုသည်။ 

“ကုန်ဈေးနှုန်းတက်နေတာဟာ လူထု ခံစားနေရတာဖြစ်တော့ လူထုထဲက ဘာပြောချင်သလဲလို့ မေးတာနဲ့ အမျိုးသမီးတယောက် တက်လာတယ်။ ကုန်ဈေးနှုန်းမြင့်လာလို့ သူ ဘယ်လိုဒုက္ခ ရောက်နေရတယ်ဆိုတာကို ပြောတယ်။ အာဏာပိုင်တွေကလည်း လမ်းနှစ်ဘက်ကို ပိတ်ထား တယ်။ ခုထိမပြီးသေးဘူး။ ဂန္တမာဆိုင်က ဈေးနားမှာဆိုတော့ လူတွေက အများကြီးပဲ”ဟု အမည်မဖော်လိုသူတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org