|
လူထု၏ အခြေခံအခွင့်အရေးများကို
အသိအမှတ်ပြု လေးစားလိုက်နာရန်လိုသည်ဟုဆို
ရိုးမ ၃။
စက်တင်ဘာ ၄၊ ၂၀၀၇
လူမှုအကြပ်အတည်းများကြောင့် ပြည်သူလူထု၏ တောင်းဆိုမှုများကို အကြမ်းဖက်
နှိမ်နင်းခဲ့ သည့် လုပ်ရပ်မှာ ရာဇဝတ်မှု ကျုးလွန်ခြင်းဖြစ်ပြီး
စစ်အစိုးရအနေဖြင့် လူ့အခြေခံအခွင့်အရေး များကို အသိအမှတ်ပြု
လေးစားလိုက်နာရန် လိုအပ်သည်ဟု (HRDP)အဖွဲ့က ယနေ့ ပြောဆို လိုက်သည်။
နိုင်ငံအ၀ှမ်းဖြစ်ပေါ်နေသည့် လောင်စာဆီနှင့်
ကုန်ဈေးနှုန်းကြီးမြင့်လာသောကြောင့် မိမိတို့ အကြပ်အတည်းများကို
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသသူများကို စစ်အစိုးရနောက်ခံ
အဖွဲ့အစည်းများက အကြမ်းဖက် နှိမ်နင်းနေသည့်အပေါ် လူ့အခွင့်အရေး
ကာကွယ်မြှင့်တင် သူများကွန်ယက်(HRDP)က
သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ
စစ်အစိုးရ၏ အကြမ်းဖက်ဖမ်းဆီးနေခြင်းသည် လူ့ဂုဏ်သိဏ္ခာကို
ညှိုးနွမ်းစေသည့် ပြုမူ ဆောင်ရွက်မှုများ၊ အမျိုးသမီးတို့အား
ကိုယ်ထိလက်ရောက် စော်ကားမှုများသည် ရာဇဝတ်မှု များကို ကျူးလွန်ပြီး
အခြေခံလူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်နေသည်ဟု ထုတ်ပြန် ချက်က
ဆိုသည်။
စစ်အစိုးရက
၎င်းတို့ဖွဲ့စည်းထားသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များကို
ပြည်သူဟုဆိုကာ အကြမ်းဖက် ခိုင်းစေနေခြင်းနှင့်ပတ်သက်၍ (HRDP)အဖွဲ့ဝင်
ကိုကျော်စိုးက “ပြည်သူလူထုက ရှင်းပါတယ်။ ပြည်သူလူထုနဲ့
ပြည်သူချင်းမှာ ခွဲခြားဆက်ဆံနေတော့ဗျာ ဒီမိုကရေစီ ဆိုတဲ့ အရေးကြီးတဲ့
အခြေခံမူတရပ်ဖြစ်တဲ့ တန်းတူညီမျှမှု ရှိမှာမဟုတ်ဘူးဆိုတာတော့
သေချာ သိတယ်။ အဲ့ဒီလိုသိတဲ့အပေါ်မှာ ပြည်သူတွေကို ပြည်သူချင်း
ပြန်တိုက်တဲ့လုပ်ရပ် တွေဟာ အစိုးရရဲ့ နောက်ခံပေးထားတဲ့လူတွေလို့
ပြည်သူတွေက သေသေချာချာ သိတယ်ဗျာ” ဟု ဆိုသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ပေါက်ရေးသည်
နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာများတွင်
ဖော်ပြနေသော်လည်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂၁) ကို
ချိုးဖောက်ကာ (၅/၉၆) ပုဒ်မဖြင့် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်မျးကို ဖမ်းဆီးထားခြင်းနှင့် (HRDP)အဖွဲ့ဝင် ဦးမြင့်အေးအား
ဖမ်းဆီးထားခြင်းကို ဖော်ပြခဲ့သည်။
စစ်အစိုးရအနေဖြင့် ယခုကဲ့သို့ ပြည်သူ့ဆန္ဒအား လျစ်လျူရှုပြီး
ဖိနှိပ်ခဲ့သည့်လုပ်ရပ်များကို (HRDP)အဖွဲ့အနေဖြင့်
ကန့်ကွက်ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ ရည်ရွယ်ချက် များကို
အကြိမ်ကြိမ် ချိုးဖောက်နေခြင်းမှ ရပ်တန့်ရန်နှင့် လူထု၏
အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့ကို
အသိအမှတ်ပြုလေးစားလိုက်နာရန် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
“ကျနော်တို့တိုင်းပြည်က လူ့အခွင့်အရေးချိုးဖောက်ခံနေရတာဟာ
နှစ်ပေါင်းလည်း တော်တော် ကြာပါပြီ။ သမိုင်းတလျှောက်လုံးမှာ
လူသားရယ်လို့ဖြစ်လာပြီး လူ့အခွင့်အရေးဆိုတာ မရရှိခဲ့ သေးတာဟာ အတော့်ကို
ဝမ်းနည်းစရာ ကောင်းပါတယ်။ ကျနော်တို့ပြည်သူတွေဟာ လူရယ်လို့ ဖြစ်လာပြီး
လူသားရယ်လို့ အသိအမှတ်ပြုခံရဖို့ အတွက်ကတော့ ကျနော်တို့ တဦးချင်းစီရဲ့
တာဝန်ဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ ဆက်လက်တောင်းဆိုနေရမယ်”ဟု
ကိုကျော်စိုးက ဆိုသည်။
ပြည်သူလူထုအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ အချက်အလက်များကို
ပြည့်စုံအောင် မရနိုင်သည့်တိုင် ရနိုင်သည့်အဆင့်အထိ
မိမိတို့အခွင့်အရေးများကို ဆက်လက်တောင်းဆိုသွား ကြရန်
ဆန္ဒပြုနှိုးဆော်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ |