|
စက်မှုဇုံများ အလုပ်သမားသမဂ္ဂ(ယာယီ)ကို
ယနေ့ဖွဲ့စည်း
ဗထူး။
အောက်တိုဘာ ၁၁၊ ၂၀၀၇
မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ စက်မှုဇုံအလုပ်သမားများကို ကိုယ်စားပြုသည့်
စက်မှုဇုံအလုပ်သမား သမဂ္ဂ(ယာယီ)ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း
ထုတ်ပြန်သည်။
အလုပ်သမားအခွင့်အရေးနှင့် တိုင်းပြည်အခွင့်အရေးတို့အတွက် ဆောင်ရွက်ရန်
အဆိုပါ သမဂ္ဂကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးသမိုင်း၊ ရှစ်လေးလုံးအရေးတော်ပုံနှင့် မကြာမီကမှ
ဖြစ်ပွားခဲ့သည့် သံဃာ နှင့် ပြည်သူများအရေးတော်ပုံတွင် အလုပ်သမားများ
ပါဝင်တိုက်ပွဲဝင်ခဲ့သည်မှာ အထင်အရှား ဖြစ်သည်ဟုဆိုကာ ယနေ့နေ့စွဲဖြင့်
ကြေညာချက် အမှတ် (၁/၂၀၀၇) ကို ထုတ်ပြန်ခဲ့သည်။
“တနိုင်ငံလုံးမှာရှိတဲ့ စက်မှုဇုံတွေကို ကိုယ်စားပြု ဖွဲ့စည်းတာပါ၊
အလုပ်သမားတွေက ကိုယ့်အခွင့်အရေးကို အပြည့်အ၀ရအောင် တောင်းမယ်၊
နောက်ပြီး တိုင်းပြည်အရေးကို ပါဝင် လုပ်ကိုင်ဖို့လည်း နှိုးဆော်ပါတယ်၊
မကြာခင်ကဖြစ်ပွားခဲ့တဲ့ အရေးတော်ပုံမှာလည်း ကျနော်တို့ အလုပ်သမားတွေ
အများကြီး ပါဝင်ပါတယ်”ဟု စက်မှုဇုံအလုပ်သမားသမဂ္ဂ(ယာယီ)မှ အမည်မဖော်လိုသူ
ခေါင်းဆောင်တဦးက ဆိုသည်။
သံဃာတော်များဦးဆောင်၍ အများပြည်သူအတွက် တောင်းဆိုမှုကို
ထောက်ခံလိုက်ပြီး သံဃာတော်များနှင့် ပြည်သူအား ရိုက်နှက်ခြင်း၊
ဖမ်းဆီးခြင်းများကို သမဂ္ဂမှ ရှုံ့ချလိုက်ပြီး စစ်အစိုးရအား
တောင်းဆိုချက် (၄) ရပ် တောင်းဆိုခဲ့သည်။
အလုပ်သမားများ၏ စားဝတ်နေရေနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက်
လုပ်ခလစာ များ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ပေးရန်၊ သံဃာတော်များနှင့်
ကျောင်းသားပြည်သူတို့ သေဆုံးခဲ့သည့် စာရင်းအမှန်ကို
ထုတ်ပြန်ပေးရန်နှင့် သတ်ဖြတ်ရန် အမိန့်ပေးခဲ့သူများအား
တရားဥပဒေနှင့်အညီ အရေးယူပေးရန်တို့ကို တောင်းဆိုသည်။
ဖမ်းဆီးထားသည့် ရဟန်းရှင်လူ ပြည်သူများအား ချက်ခြင်းလွှတ်ပေးရန်၊
ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး၍
စစ်မှန်သော လက်တွေ့ကျသည့် တွေ့ဆုံ ဆွေးနွေးရေးကို ပြုလုပ်ရန်
စစ်အစိုးကို တောင်းဆိုထားသည်။
နောက်ဆုံးတွင် အဆိုပါသမဂ္ဂမှ မြန်မာနိုင်ငံတွင် အထွေထွေသပိတ်ကြီး
ပေါ်ပေါက်လာလျှင် လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။
|