Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အတုအယောင်ထောက်ခံပွဲအတွက် မဲစနစ်ဖြင့် လိုက်ခိုင်းနေ

ရိုးမ ၃။ အောက်တိုဘာ ၁၃၊ ၂၀၀၇ 

စစ်အစိုးရက ရန်ကုန်မြို့တွင်ပြုလုပ်မည့် ညီလာခံထောက်ခံပွဲနှင့် လူထုဆန္ဒပြမှု ကန့်ကွက်ပွဲ များကို တက်ရောက်ရန်အတွက် လှိုင်သာယာစက်မှုဇုံအတွင်း မဲနှိုက်ခိုင်းနေသည်။ 

မနက်ဖြန်တွင်ပြုလုပ်မည့် အဆိုပါ အတုအယောင်ထောက်ခံပွဲတွက် စက်ရုံများအလိုက် မဲနှိုက်ပြီး အင်အားပြရန် ယနေ့နံနက်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။  

“စက်မှုဇုံထဲမှာ အာဏာပိုင်တွေက အမိန့်ထုတ်တာ၊ ဒီည (၂) နာရီကို လိုက်ခေါ်မှာ၊ စက်ရုံတရုံကို အယောက် ၅၀ ကနေ ၁၀၀ အထိ ခေါ်မယ်ပေါ့၊ မလိုက်မဖြစ် မဲစနစ်နဲ့ မဲပေါက်တဲ့သူ လိုက်ရ မယ်၊ လူထုထောက်ခံပွဲအတွက် စက်မှုဇုံထဲက အလုပ်သမားတွေကို ခေါ်မှာ၊ လှိုင်သာယာမှာက စက်ရုံပေါင်း ရာကျော်မယ်ခင်ဗျ”ဟု ဒေသခံတဦးကဆို သည်။ 

စက်ရုံမန်နေဂျာများက အလုပ်သမားများကို ယနေ့ညနေ စက်ရုံမဆင်းခင်တွင် မဲနှိုက်ခိုင်းမည် ဖြစ်ပြီး မဲပေါက်သူများကို မနက် (၂) နာရီတွင် နေအိမ်များမှ လိုက်လံခေါ်ယူပြီး ကျိုက္ကဆံ ကွင်းသို့ လမ်းလျှောက်ရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရက သံဃာနှင့် လူထုဆန္ဒပြပွဲများအား အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် အတုအယောင် ဖွဲ့စည်းပုံကြိုဆိုထောက်ခံပွဲများကို နယ်မြို့များတွင် ပြုလုပ်ခဲ့ပြီးနောက် ယခု ရန်ကုန်မြို့တွင် လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ 

အဆိုပါ ထောက်ခံပွဲများသို့ ဒေသခံပြည်သူများအား ငွေကြေးပေး၍လည်းကောင်း၊ အတင်းအကြပ် ဖိအားပေးကာ စုဆောင်း၍ အင်အားပြ၀ါဒဖြန့်ချီနေခဲ့ပြီး ယခုကဲ့သို့ စက်မှုဇုံ အလုပ်သမားများအား အကြပ်ကိုင်လာခြင်းဖြစ်သည်။ 

“ကျနော်တို့ရဲ့လုပ်ငန်းကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်သွားချင်တယ်၊ အလုပ်အပေါ်မှာပဲ အာရုံထားတယ်၊ ဒါ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲ၊ မဲပေါက်တဲ့သူက မလိုက်ချင်ပေမဲ့ အတင်းခေါ်တဲ့သဘောပဲ၊ စားဝတ်နေရေးကို ထိခိုက်မယ်ဆိုတော့လည်း လိုက်ရမဲ့သဘောပဲ”ဟု အလုပ်သမားတဦးက ဆိုသည်။ 

အလုပ်သမားအများစုအတွင်း ယင်းသို့လုပ်ဆောင်ခြင်းအပေါ် မကျေမနပ်ဖြစ်ကာ လိုက်မည်၊ မလိုက်မည်ကို ငြင်းခုံနေကြပြီး မလိုက်ပါက မည်သို့အရေးယူမည်ကို ရှင်းလင်းစွာ မသိရသေး ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယမန်နေ့ကလည်း လှိုင်သာယာနှင့် လှိုင်မြို့နယ်များအတွင်းမှ ရပ်ကွက်ဆယ်အိမ်မှူး၊ ယာအိမ် မှူးနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များကို မြို့နယ်(မယက)မှ ခေါ်ယူကာ အဆိုပါထောက်ခံပွဲကို တက်ရောက်ရန် ဖိအားပေးလက်မှတ်ထိုးခိုင်းရာ မကျေမနပ်ဖြစ်နေသူ အများစုဖြစ်သည်ဟု ဆိုသည်။ 

ယနေ့နေ့လည်တွင်လည်း ရန်ကုန်မြို့ပေါ်ရှိ ဘတ်(စ်)ကား လိုင်းကား (၃၀၀)ခန့်ကို ချောဆွဲထား သည်ကို မြင်ရပြီး အဆိုပါ ကြိုဆိုထောက်ခံပွဲအတွက် အသုံးပြုမည်ဖြစ်သည်ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။  

မကြာမီကဖြစ်ပွားခဲ့သည့် သံဃာနှင့် လူထုဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည့်အတွက် ရန်ကုန်မြို့ခံများက အတင်းအကြပ် ပြုလုပ်နေသည့် အတုအယောင်ထောက်ခံပွဲများကို အယုံအကြည်မရှိသလို ဝန်ထမ်းများအတွင်းတွင်လည်း မကျေနပ်မှုများ ကြီးထွားလာနေသည်။ 

“ဒါ မမှန်ကန်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်၊ လူထုဆန္ဒမပါပဲနဲ့ အဓမ္မလုပ်တဲ့ လုပ်ရပ်ပါ၊ ဒီအပေါ်မှာ ကျနော်တို့က အလုပ်ပြုတ်မှာစိုးလို့သာ လိုက်ရမှာပါ၊ ဒီအပေါ်မှာ ကျနော်တို့ လုံးဝ မယုံကြည် ပါဘူး၊ မထောက်ခံပါဘူး”ဟု လှိုင်သာယာစက်မှုဇုံမှ အလုပ်သမားတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org