|
ဆန်အိတ်များပုံထားပြီး လက်ခံသယောင်
သံဃာတော်များကို ပုတ်ခတ်တိုက်ခိုက်
ဗထူး။
အောက်တိုဘာ ၁၆၊ ၂၀၀၇
စစ်အစိုးရ
(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ဝင်များဟုဆိုကာ ဆန်အိတ်လှူဒါန်းခြင်းကို
လက်မခံဘဲ ရှိရာ ပြည်သူအတွင်း၌ သံဃာတော်များက လက်ခံသယောင်
ဝါဒဖြန့်ခဲ့သည်။
ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်သို့ ရန်ကုန်တိုင်း၊
တိုင်းမှူးဦးစီး၍ ဆန်များ လှူဒါန်းခဲ့ရာ သံဃာတော်များက
ကံဆောင်ထားသည်အတွက် လက်မခံပဲရှိနေရာ စစ်တပ်က အဆိုပါ ဆန်အိတ်များကို
ပုံထားပြီး သံဃာတော်များမှ လက်ခံသယောင် ပုတ်ခတ်တိုက်ခိုက်နေခြင်း
ဖြစ်သည်။
“ဟိုတနေ့ကတော့ လော်နဲ့ လိုက်အော်တယ်၊ (ကြည်း၊ ရေ၊ လေ) တပ်ကနေ
ဆန်လှူမယ်၊ လှူတဲ့အခါကျရင် ပြည်သူတွေကပါ လာလှူဖို့ အော်တာကြားတယ်၊
ဘုန်းဘုန်းတွေက လက်မခံ ဘူး။ ဘုန်းကြီးတွေအနေနဲ့ကတော့ ညှဉ်းပန်းနှိပ်စက်
သတ်ဖြတ်ထားတော့ လက်မခံဘူးဆိုတာ ကြားတယ်၊ သရက်တောကျောင်းတိုက်မှာပါ၊
ကျောင်းတိုက်တွေအားလုံး ပါတယ်။ လှူမယ်ဆို တာတော့ အတိအကျ လိုက်အော်တယ်။
(၁၂) ရက်နေ့က အော်တယ်။ ည (၈) နာရီ လောက်က အော်တာ”ဟု ရန်ကုန်မှ
အမျိုးသမီးတဦးက ဆိုသည်။
သံဃာတော်များအား ရိုက်နှက်သတ်ဖြတ်ပြီး ယခုကဲ့သို့ ဆန်လှူသည်ကို
ပြည်သူများက လုံးဝ ကျေနပ်မှုမရှိသလို ယခင်အချိန်များထက်
သံဃာတော်များအပေါ် ကိုယ့်အသိစိတ်ဖြင့် လှူဒါန်းမှု များ တိုးများလာသည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်းကိုယ်တိုင်
ဦးစီးလှူဒါန်းသည့် ဆန်အိတ်ပေါင်း (၁၇၆) အိတ်မှာ ယခုအချိန်အထိ
သရက်တောကျောင်းဝင်းအတွင်း ရှိနေပြီး သံဃာတော်များက ပြည်သူလူထု၏
လှူဒါန်းမှုများကိုသာ လက်ခံ၍ ဆွမ်းခံကြွနေသည်။
“ကြားကောင်းအောင် လှူနေပြီပေါ့နော်။ သူတို့နဲ့ပတ်သက်ပြီး မလှူဘူး၊
ကိုယ့်ဘာသာကိုယ် လှူမယ်ပေါ့၊ ပြည်သူတွေကတော့ ကိုယ့်အသိစိတ်နဲ့ကိုယ်
အရင်ထက်တောင် လှူသေးတယ်။ ဘုန်းဘုန်းတွေကို ပိုပြီးတော့ သဒ္ဒါတာပေါ့နော်၊
အရင်ကထက်ပေါ့”ဟု ဆိုသည်။
သူမ၏
အိမ်အနီးပတ်ဝန်းကျင်တွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်ရှိ အိမ်များရှိပြီး
၎င်းတို့ကိုယ်၌က ယခုလိုလုပ်ရပ်မျိုးကို လက်မခံဘဲ စစ်တပ်က
လိုက်လံနှိုးဆော်သည့်အခါ အဓိပ္ပါယ်မရှိသည့် လုပ်ရပ်သာ ဖြစ်သည်ဟု
ပြောဆိုနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက
အဆိုပါဆန်အိတ်များကို သရက်တောကျောင်းဝင်းအတွင်း စတင်ပို့ဆောင်ကာ
တိုင်းမှူးနှင့်အဖွဲ့က သံဃာများအား လျှောက်ထားလှူဒါန်းခဲ့ရာ သံဃာများက
ကံဆောင်ထား ကြောင်း မိန့်ခဲ့သည်ဟု ဆိုသည်။
“နယ်ကိုပြန်ကြွတဲ့ ဘုန်းကြီးတွေကို
ရန်ကုန်ပြန်လာလို့မရဘူးလို့ သိရတယ်၊ ဘုန်းကြီးခေါင်း ခေါက်ပြီး
ကန်တော့ကန်တော့ဆိုပြီး လှူနေတာဆိုတော့ သူတို့လည်း
မကြိုက်ဘူးလို့ပြောတယ်။ ကျမတို့အိမ်နားမှာ စစ်တပ်က
ဗိုလ်မှူးအိမ်တွေပါတော့ သူတို့လည်း ဒါကိုမကြိုက်ဘူးလို့ ပြောတယ်”ဟု
ရန်ကုန်မြို့မှ အမျိုးသမီးတဦးက ဆိုသည်။ |