|
ထိုင်းလူမျိုးတဦး
မတရားရိုက်နှက်ခဲ့သည့် ဒဏ်ရာဖြင့် မြန်မာအလုပ်သမားတဦးသေဆုံး
ရိုးမ ၃။
အောက်တိုဘာ ၂၆၊ ၂၀၀၇

ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းမြို့၌ ငါးဂိုဒေါင်တခုတွင်
အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမား အသက် (၃၅)နှစ်အရွယ်
ကိုသက်လွင်ဦးကို ထိုင်းလူမျိုးတဦးက သူ့နေအိမ်သို့ခေါ်ပြီး
သစ်သားပိုင်းနှင့် ရိုက်နှက်ခဲ့သဖြင့် ယခုလ (၂၁)ရက်နေ့က
သေဆုံးခဲ့သည်။
ထိုင်းလူမျိုး ကဏန်းအရောင်းအ၀ယ် လုပ်ကိုင်နေသည့် ဖီးဝပ်ဆိုသူက
ရနောင်းမြို့ (၂) ကျပ် ဂိတ်လမ်းကြားတွင် ရပ်ထားသည့် သူ့ကားကို
အိမ်နီးနားချင်း မြန်မာကလေးငယ်များ ဆော့ကစားရာက ခဲမှန်သည်ဟုဆိုကာ
ကလေးမိဘများကို အောက်တိုဘာလ (၁၈) ရက်နေ့က နေအိမ်သို့ခေါ်ယူကာ
လျော်ကြေးတောင်းခဲ့သည်။
ထိုသို့
ထိုင်းလူမျိုး ဖီးဝပ်က မြန်မာကလေးမိဘများကို ခေါ်ယူရာတွင်
ကိုသက်လွင်ဦး၏ကလေး ငယ်လည်း ကားကို ထိခိုက်အောင် ဆော့ကစားရာတွင်
ပါဝင်ခဲ့သည်ဟုစွပ်စွဲကာ ကိုသက်လွင်ဦး ကို ခေါ်ပြီး ကိုယ်တိုင်
သစ်သားပိုင်းဖြင့် ရိုက်နှက်ခဲ့ရာ ထိုရိုက်နှက်ဒဏ်ရာဖြင့်ပင်
ကိုသက်လွင်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
ကိုသက်လွင်ဦးအား ထိုင်းလူမျိုး ဖီးဝပ်က ထိုးကြိတ်ရိုက်နှက်သည်ကို
မြင်ခဲ့ရသည့် မြန်မာ အလုပ်သမားတဦးက “ အဲဒီ့ ကဏန်းအရောင်းအ၀ယ်လုပ်တဲ့
ရှမ်းက ခေါ်တယ်ဆိုလို့ ကိုသက်လွင်ဦးလည်း သွားတယ်။ အမှန်မှာ
ကိုသက်လွင်ဦးကလေးက ဖီးဝပ်ရဲ့ကားနား ခဲနဲ့ ပေါက်ဆော့တဲ့အထဲမှာ
မပါဘူးဗျ။ ခေါ်တယ်ဆိုတော့ ကိုသက်လွင်ဦးလည်း ဖြေရှင်းဖို့ သွားတာ ပေါ့၊
အဲဒါကို အိမ်လည်းရောက်ရော ဖီးဝပ်က လက်သီးနဲ့ဆွဲထိုးတာ ပြီးတော့
(၄x၂)လေးနှစ် လောက်ရှိတဲ့ သစ်သားတုတ်နဲ့ ခြေထောက်ကိုတချက်၊
ခါးကိုတချက်၊ ခေါင်းကိုတချက် ရိုက်တာကို ကျနော်တွေ့တယ်ဗျာ။ သက်သက်မဲ့
မြန်မာပြည်သားမို့ မတရား ရိုက်နှက်တာပါ”ဟု ပြောသည်။
အဆိုပါ
ဖီးဝပ်ဆိုသူ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့သည့် ဒဏ်ရာနှင့်ပင်
မြန်မာအလုပ်သမား ကိုသက်လွင်ဦး ရနောင်းဆေးရုံပေါ်တွင် အောက်တိုဘာ (၂၁)
ရက်နေ့က သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားသည့် ယခုလ (၁၈) ရက်နေ့တွင်
ကိုသက်လွင်ဦးအရိုက်ခံခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး
ရနောင်းရဲစခန်းသို့ ကိုသက်လွင်ဦး၏ဇနီး မသန္တာမိုးကိုယ်တိုင် အမှုဖွင့်
တိုင်ကြားခဲ့ သော်လည်း ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်း
မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
“ရနောင်းရဲစခန်းက ထိထိရောက် အရေးယူလုပ်ဆောင်တာ မရှိဘူးဆိုတာက အခုလ (၂၁)
ရက် နေ့ကပေါ့ ကိုသက်လွင်ဦးအမျိုးသမီး မသန္တာမိုးရယ်၊ ကိုသက်လွင်ဦးကို
ရိုက်သတ်တဲ့ ဖီးဝပ်ရဲ့အစ်ကိုပေါ့ တွေ့ဆုံပြီး ရဲစခန်းမှာ
ဖြေရှင်းခိုင်းတယ်။ မင်းတို့အချင်းချင်း ပြေလည်အောင် ညှိပေါ့၊
အမှုမလုပ်ဘူးပေါ့ဗျာ၊ အဲဒီသဘောမျိုးလုပ်တော့ ဖီးဝပ်တို့ဘက်က ဘတ်ငွေ
(၅၀,၀၀၀) လျှော်မယ်လို့ ပြောတယ်။ မသန္တာမိုးက မကျေနပ်ဘူးပေါ့၊
ဒီလိုလုပ်ဆောင်တာပဲ ရဲစခန်းက ရှိတာ။ နောက်ပိုင်း မသန္တာမိုးတို့ဘက်က
ဖုန်းဆက်တာတောင် မကိုင်တော့ဘူးဗျာ ရဲစခန်း ကလဲ”ဟု သေဆုံးသူ
ကိုသက်လွင်ဦးမိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။
ရနောင်းမြို့ (၂)ကျပ်ဂိတ်လမ်းကြားတွင် နေထိုင်သည့် ထိုင်းလူမျိုး
ကဏန်းအရောင်းအဝယ် လုပ်ကိုင်နေသည့် ဖီးဝပ်ဆိုသူက သူ့ကားဘေးတွင်
ကစားနေသည့် မြန်မာကလေးများကြောင့် ကားထိခိုက်မိသည်ဟု စွပ်စွဲပြီး
ကလေးမိဘများကို အလျော်တောင်းရန် အိမ်သို့ ခေါ်ယူကာ မတရားရိုက်နှက်သဖြင့်
သေဆုံးခဲ့ရသည့် မြန်မာအလုပ်သမား ကိုသက်လွင်ဦးကို ယခုလ (၂၃)ရက်နေ့တွင်
သင်္ဂြိုလ်ခဲ့သည်။ |