Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သန်းရွှေပုံပါသည့် မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့

ဗထူး။ အောက်တိုဘာ ၉၊ ၂၀၀၇ 

ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများ ငြိမ်သက်နေသော်လည်း ဆန္ဒပြဖော်ထုတ်မှုများ ယခုရက်ပိုင်း အတွင်း နေရာအနှံ့ဖြစ်ပေါ်ခဲ့သည်။ 

ယနေ့နံနက်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံပါသည့် မိုးပျံပူဖောင်းများကို သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူငယ်တစုက လွှတ်တင်ခဲ့ရာ လူအများအပြား အုံဖွဲ့ကြည့်ရှုခဲ့ကြ သည်။ 

“(၈) နာရီ (၄၅) ငါးမိနစ်လောက်က စံပြဈေးရှေ့မှာ ဖြစ်သွားတာ၊ ထိပ်ပိုင်းမှာ လူသတ်ကောင် လို့ ရေးထားတယ်၊ သန်းရွှေဓါတ်ပုံပေါ်မှာ နာဇီတံဆိပ်စင်္ကြာပုံ ကပ်ထားတယ်၊ ထူးခြားတာက အနီးကလူတွေ ရှောင်မသွားပဲကို ၀ိုင်းအုံပြီး ကြည့်ခဲ့ကြတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။ 

ပူဖောင်းနှစ်လုံးတွင် တပုံကျ ချိတ်ဆွဲကာ အလုံးပေါင်း ၁၂၀ ဖြင့် ပုံ ၆၀ အား ချိတ်ဆွဲလွှတ်တင် လိုက်သဖြင့် အာဏာပိုင်များ၏ လိုက်လံဖျက်ဆီး၍ မရနိုင်အောင် ပြုလုပ်ခဲ့ခြင်းမှာလည်း စိတ်ဝင် စားဖွယ်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် (၇) ရက်နှင့် (၈) ရက်နေ့များတွင်လည်း ဗိုလ်ချုပ်ပန်းခြံ၊ မဟာဗန္ဓုလပန်းခြံနှင့် အင်းစိန်ထောင်နံရံများတွင်လည်း ပိုစတာများ၊ ပိတ်စများကပ်ကာ ပြောက်ကျားလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဗိုလ်ချုပ်ထားခဲ့သည့်စစ်တပ် လူတွေသတ်နေပြီ၊ ရဟန်းသံဃာတွေကို သတ်နေပြီ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနေသည် ဟူသည်များကို ပိတ်စပေါ်တွင် ရေးသား ကာ (၇) ရက်နေ့ (၉) နာရီခန့်က ဗိုလ်ချုပ် ကြေးရုပ်ရှေ့တွင် ထောင်ထားခဲ့သည်ဟု ဆိုသည်။ 

တပြိုင်နက်တည်းတွင် မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင်လည်း ဆူးလေစေတီနှင့် မြို့တော်ခန်းမအနီးရှိ ကျောက်တိုင်ကို လွတ်လပ်ရေးနေ့ ကမ္ပည်းမှားထိုးခဲ့ သည်ဟု ရေးသားထားသည့် ပိုစတာတခုကို ကပ်ခဲ့သည်။ 

“(၈) ရက်နေ့ကတော့ နေရာသုံးခုမှာ ပုံစံတူလုပ်ခဲ့တာ၊ ငှက်ပျောတုံးဖောင်လုပ်ပြီး ရေထဲမှာ မျှောခဲ့တာ၊ ဗိုလ်အောင်ကျော်လမ်း၊ ဆိပ်ကမ်းသာ၊ ဒဂုံမြို့သစ်တောင်ပိုင်းက ယုဇနဥယျာဉ် မြို့တော်အနီးက မြစ်ထဲတွေမှာ မျှောခဲ့တာ၊ ပိုစတာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ကျဆုံးသွားခဲ့သည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ ကောင်းရာသုဂတိလားပါစေ ဆိုတာတွေ ရေးထားပြီး ငှက်ပျောတုံးမှာ စိုက်ပြီး မျှောခဲ့တာ”ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။ 

စစ်အစိုးရတပ်ဖွဲ့များက ညဘက်တွင် ဘုန်းကြီးကျောင်းများနှင့် လူနေရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိရာ ယမန်နေ့ည (၉) နာရီခန့်က သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ မဂ္ဂင်ကျောင်းတိုက်ကို ထပ်မံဝင်ရောက်ခဲ့သည်။ 

“ည (၉) နာရီက စစ်သား ၁၀ ယောက်လောက် ရှိမယ်၊ ကျောင်းကိုလာပြီး ပစ္စည်းတွေ ထပ်သိမ်း သွားတာ၊ စာရွတ်စာတမ်းက ပီနံအိတ်နဲ့ တလုံး၊ ကွန်ပြူတာတလုံး၊ နောက်ပြီးတော့ ငွေက ၂၆၀,၀၀၀ ကျပ်၊ ထပ်သိမ်းသွားတယ်၊ မဂ္ဂင်ဆရာတော်ကိုလည်း အင်းစိန် ဂျီတီအိုင်ဝင်းကနေ ထုတ်သွားတယ်လို့ ပြောတယ်၊ ဘယ်နေရာဆိုတာ မသိရဘူး”ဟု မြို့ခံတဦးက ဆိုသည်။  

ယမန်နေ့ နေ့လည် (၂) နာရီကလည်း မြို့နယ်(မယက)နှင့် ရဲတပ်ဖွဲ့များက အဆိုပါကျောင်းအား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မဂ္ဂင်ဆရာတော်အား မတရားသဖြင့် ဖမ်းဆီးထောင်ချရန် အချက်အလက် ရှာဖွေနေခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများက ပြောဆိုနေကြသည်။

“ခုလက်ရှိကို ရဲ၊ ထောက်လှမ်းရေးတွေ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတယ်၊ ဘုန်းကြီးကျောင်း ထဲကို ၀င်လာတဲ့လူတွေကို ဖမ်းဆီးဖို့ ပြင်ထားတဲ့ပုံပဲ”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org