Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူငါးသန်း အငတ်ဘေးနှင့်ကြုံနေရ

ဉာဏ်မောင်။ အောက်တိုဘာ ၁၉၊ ၂၀၀၇ 

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့် အငတ်ဘေးနှင့် ကြုံတွေ့နေရသည်ဟု ဗုဒ္ဓဟူးနေ့က ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့(WFP)က ပြောဆိုလိုက်သည်။ 

စားနပ်ရိက္ခာပေါများသည့် မြန်မာနိုင်ငံအပေါ် အငတ်ဘေးကြုံနေရသည်ကို မည်သူမျှယုံနိုင်မည် မဟုတ်ကြောင်း ပြောဆိုကာ အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“မြန်မာနိုင်ငံလို အစာရေစာပေါများတဲ့ တိုင်းပြည်တခုမှာ အငတ်ဘေးများ ကျရောက်နေပါပြီ ဆိုတာကို ဘယ်သူမှယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါးသန်းလောက်ကတော့ တကယ်ငတ်နေပြီ”ဟု ဒေသတွင်းဆိုင်ရာ (WFP)အကြီးအကဲက ပြောဆိုသည်။ 

စစ်အစိုးရကမူ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုများရှိနေပြီး တိုင်းပြည်၏ ဂျီဒီပီမှာ ၈ ရာခိုင် နှုန်း ရှိပြီး ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းများကို အစဉ်သဖြင့် ငြင်းပယ်နေခဲ့သည်။ 

သံဃာတော်နှင့် ပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုမတိုင်မှီ ၅ ရက်အလိုတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် (WFP)ဒေသဆိုင်ရာ တာဝန်ခံ တိုနီဘန်ဘူရီက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“ဒီနိုင်ငံဟာ ဒီဒေသမှာတော့ အမြဲပဲ စပါးကျည်ကြီး ဖြစ်လေ့ရှိခဲ့ပါတယ်။ စားနပ်ရိက္ခာ ပိုလျှံဖို့ ဆိုတာ သူ့အတွက် အလွန်လွယ်ကူတဲ့ကိစ္စတခု ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့မှာရှိတဲ့ လူဦးရေအတွက် လိုအပ်ချက်ကိုတောင်မှ လောက်ငအောင် မစီစဉ်နိုင်တော့ပါဘူး”ဟု ဘန်ဘူရီက ဆိုသည်။ 

ကမ္ဘာ့အထီးကျန်ဆုံးဖြစ်နေသော စစ်အစိုးရနှင့် ဆက်ဆံလုပ်ကိုင်နေရသောသူအတွက် ရံပုံငွေ(ထောက်ပံ့ကြေး)များ လျှော့နည်းနေသည့်အတွက် တနှစ်ပတ်လုံး ခေါင်းကိုက်ခေါင်းခဲဖြစ်နေ သည့် ပြဿနာတခုဖြစ်နေသည်ဟု ပြောဆိုလိုက်ပြီး စစ်အစိုးရထံ ပေးနေသည့် အကူအညီများ မှာလည်း များသောအားဖြင့် ပြည်တွင်းမှသာ ဆန်စပါးများ ပြန်လည်ဝယ်ယူနေရတာဖြစ်၍ ရည်မှန်းချက်၏ တဝက်နီးပါးရှိနေပြီဟု ဘန်ဘူရီက ဆိုသည်။ 

သံဃာနှင့် ပြည်သူများ ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက် နှိမ်နင်းခဲ့သည့်အတွက် နိုင်ငံတကာ အသီးသီးမှ စစ်အစိုးရအပေါ် ပိတ်ဆို့မှုများ နည်းလမ်းပေါင်းစုံ ချမှတ်ရန် ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ (WFP)ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org