|
သေနတ်ဒဏ်ရာနှင့် အင်န်အယ်ဒီလူငယ်တဦး
ဆေးကုသခွင့်မရ
ရိုးမ ၃။
အောက်တိုဘာ ၁၁၊ ၂၀၀၇
ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်သူများအား ဖမ်းဆီးထားသည့်
အင်းစိန်ဂျီတီအိုင်ဝင်းအတွင်းတွင် အန်အယ်ဒီပါတီမှ လူငယ်တဦး
သေနတ်ဒဏ်ရာဖြင့်ဖမ်းဆီးထားပြီး ဆေးကုသမှုမပေးပဲ ချုပ်နှောင်ထားသည်။
သင်္ဃန်းကျွန်းမြို့နယ် ဆန္ဒပြမှုတွင် စစ်တပ်က ပစ်ခတ်နှိပ်နင်းခဲ့ရာ
သဃာန်းကျွန်းမြို့နယ် အင်န်အယ်ဒီလူငယ်တာဝန်ခံ ကိုမြသန်းထိုက်သည်
ပေါင်တွင် သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်သည်။
“ကိုကျော်ဟန်ထွန်းဆိုတာ ထွန်းစက်မှုလက်မှု သီရိမွန်ပလာဇာက သူ့ကို
တွေ့ခဲ့တယ်၊ အင်န်အယ်ဒီလူငယ်က ကိုမြသန်းထိုက်ဆိုတာက
ပေါင်မှာသေနတ်မှန်ထားတာ၊ ဆေးလည်း မကုပေးဘူး”ဟု အင်းစိန်ဂျီတီအိုင်မှ
ပြန်လည်လွတ်မြောက်လာသူတဦးက ဆိုသည်။
မဂ္ဂင်ကျောင်းတိုက်ဆရာတော်အား စစ်အစိုးရက ဖမ်းဆီးထောင်ချမည်ဟူသည့်
သတင်းများ ထွက်ပေါ်နေပြီးနောက် ယခုလ (၄) ရက်နေ့ကလည်း
မဂ္ဂင်ကျောင်းတိုက်ရှိရာ ၀င်းအတွင်းမှ သံဃာတော်အချို့ကို စစ်အစိုးရက
ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“မဂ္ဂင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က ကျောက်စာတော်ကျောင်းတိုက်က သံဃာ ၆
ပါး ဖမ်းတယ်၊ နှစ်ပါး ပြန်လွှတ်တယ်၊ လေးပါးကိုတော့ ဆက်ဖမ်းထားတယ်၊ နောက်
ဓမ္မဝေပုလ္လကျောင်းတိုက် က သံဃာ ၄ ပါးနဲ့ အမျိုးသမီးတယောက် ဖမ်းသွားတယ်၊
တယ်လီဖုန်းကို ဖြုတ်သိမ်းသွားတယ်၊ ငွေသိန်း ၃၀ ပါ ယူသွားတယ်”ဟု
ဒေသခံတဦးက ဆိုသည်။
ရွှေကျင်တိုက်သစ်မှ သံဃာတပါးကို ထိုရက်တွင် ထပ်မံဖမ်းဆီးသွားပြီး
ရွှေလက်စွပ်တကွင်းကို ပါသိမ်းယူသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မဂ္ဂင်ကျောင်းတိုက်မှ သံဃာနှစ်ပါးနှင့် လူနှစ်ဦးအား စစ်အစိုးရက ယခုလ
(၇) ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ဦးဣန္ဒကနှင့်
ဦးအိန္ဒြိယတို့ကို ထိုနေ့တွင်ပင် ရေကြည်အိုင် စစ်ကြောရေးသို့
ခေါ်သွားသည်ဟ ဆိုသည်။ |