|
စာတိုက်ရှေ့တွင်
ရိုက်နှက်ခံရသည့်သူတဦး သေဆုံး
ရိုးမ ၃။
အောက်တိုဘာ ၂၊ ၂၀၀၇
ရန်ကုန်မြို့ဆန္ဒပြမှုများတွင် စစ်အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ
ရိုက်နှက်ခဲ့သဖြင့် လူနှင့် သံဃာများစွာ ထိခိုက်သေဆုံးမှုများ ရှိနေပြီး
တောင်ဥက္ကလာပမှ အသက် (၃၂)နှစ်အရွယ်တဦး သေဆုံးခဲ့သည်။
လက်ရှိ
ရန်ကုန်မြို့ပေါ်တွင် လူပေါင်းများစွာ ပျောက်ဆုံးနေပြီးနောက်
ယခုသေဆုံးသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
“ပြီးခဲ့သည့်လ (၂၇) ရက်နေ့က ဖြစ်တာ။ တောင်ဥက္ကလာစာတိုက်ရှေ့မှာ
စစ်တပ်နဲ့ လုံထိန်း တွေက ရက်ရက်စက်စက်ကို တုတ်တွေနဲ့ ၀ိုင်းရိုက်ကြတာ၊
သူကတော့ အဲ့ဒီမှာပဲ ပွဲချင်းပြီး သေတာ”ဟု တောင်ဥက္ကလာပ မြို့ခံတဦးက
ဆိုသည်။
သေဆုံးသူမှာ
ကိုထွန်းထွန်းလင်း ဆိုသူဖြစ်ပြီး တောင်ဥက္ကလာပ အမှတ် (၁၃) လမ်း၊ (၇)
ရပ်ကွက်၊ အိမ်အမှတ် (၁၀၆၀)တွင် အဖ ဦးစိုးဝင်း၊
အမိဒေါ်ကြီးမြင့်တို့နှင့် နေထိုင်သူဖြစ်သည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် အချို့လူငယ်များ၊ အမျိုးသမီးများ
များစွာ ပျောက်ဆုံးနေ ပြီး နေအိမ်များမှ လိုက်လံစုံစမ်းနေသော်လည်း
သက်ဆိုင်ရာမှ မည်သည့် အကြောင်းပြန်ကြား ချက်မှ မပေးကြောင်း
မြို့ခံတဦးက ဆိုသည်။
စစ်အစိုးရက
ဖမ်းဆီးထားသူများကို ရဲတပ်ရင်းများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး
ယမန်နေ့ ညက မှော်ဘီရဲတပ်ရင်းမှ လူ (၇၀) ဦးကို လွှတ်ပေးခဲ့သည်ဟု
ဆိုသည်။
“မနေ့ညက
မှော်ဘီရဲတပ်ရင်း (၅) ကနေ လူ (၇၀) လောက် လွှတ်တယ်၊ အမျိုးသမီးပဲ (၂၀)
ပါတယ်၊ စခန်းထဲမှာ အမျိုးသမီး (၆) ယောက် ကျန်တယ်၊ တယောက်က ဟင်္သာတက
မဝါဝါကျော်လို့ ပြောတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
ရန်ကုန်ရှိ
ကလေးဆေးရုံတွင်လည်း ဘွဲ့အမည်မသိရသည့် ခရမ်းမြို့နယ်မှ သံဃာတပါး ပျံလွန်
တော်မူသည်ဆိုသည့် သတင်းလည်း ကြားသိရပြီး သံဃာ့မဟာနာယကအဖွဲ့ဝင် ငွေကြာယံ
ကျောင်းထိုင်ဆရာတော် ဦးရေဝတမှာ လူဝတ်လဲမခံပဲ အင်းစိန် (GTI)
ကျောင်းဝင်းအတွင်း ဆက်လက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ |