Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နေအိမ်တွင် တောင်ကုတ်(NLD)အဖွဲ့ဝင်တဦး အဖမ်းခံရ

ဗထူး။ အောက်တိုဘာ ၁၃၊ ၂၀၀၇  

ယနေ့နံနက်တွင် ရန်ကုန်မှပြန်လာသော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်(NLD)အဖွဲ့ဝင် တဦးကို ရဲတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဖမ်းဆီးသွားခဲ့သည်။ 

(NLD) မြို့နယ်စည်းရုံးရေးဥက္ကဋ္ဌ ကိုမင်းအောင်သည် ရန်ကုန်မှ နေအိမ်သို့ပြန်ရောက်ပြီး ၅ မိနစ် အကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

“ဟုတ်ကဲ့၊ အိမ်မှာလာခေါ်တာ၊ ဒီနေ့မနက်ပဲ (၇း၀၀) နာရီကို ရန်ကုန်က ရောက်တယ်။ (၇း၀၅)မှာ လာခေါ်သွားတယ်။ စခန်းကပဲ၊ မြို့နယ်မှူးပါတယ်။ ကျန်တဲ့လူတွေလည်း ပါတာပေါ့၊ အများကြီးပဲ။ လောလောဆယ်တော့ စခန်းပဲထင်တယ်၊ အခုတော့ ဘယ်ခေါ်သွားမှန်း သေချာ ကျမတို့လည်း မသိသေးဘူး။ အိမ်မှာ ငါးမိနစ်လောက်ပဲ နေလိုက်ရတယ်”ဟု ဇနီးဖြစ်သူ မမြဝတ်ရည်က ပြောသည်။ 

ကိုမင်းအောင်သည် တောင်ကုတ်မြို့၌ ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်အတွင်း ရန်ကုန်တွင်ရှိနေပြီး ဆန္ဒပြမှုတွင် ပါဝင်ခြင်းမရှိသော်လည်း အခြား (NLD)ပါတီဝင်များနည်းတူ ဖမ်းဆီးခြင်းဖြစ် သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရက နယ်အသီးသီးမှ အင်န်အယ်ဒီပါတီဝင်များကို ဖမ်းဆီးခဲ့ရာ  တောင်ကုတ်မြို့နယ်မှ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ခိုင်၊ ဦးထွန်းကြည်၊ ဦးသန်းဖေတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ဦးထွန်းကြည် နှင့် ဦးသန်းဖေတို့အား သံတွဲထောင်တွင် ယမန်နေ့က ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက် သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

“ဒီ သာမန်ပြည်သူတွေကို ဆန္ဒပြပွဲမှာ ပါတဲ့သူတွေကိုတော့ ဖမ်းတာပဲ။ ကျနော်တို့လည်း သေသေချာချာတော့ မသိဘူးပေါ့နော်။ ကိုယ်နဲ့ သိတဲ့သူတွေလောက်ပဲ သိရတာလေ။ နောက် ခြောက်လကျတဲ့သူတွေ ရှိတယ်လို့တော့ သိရတာပဲ”ဟု တောင်ကုတ်မြို့ခံတဦးက ဆိုသည်။ 

ကိုမင်းအောင်အား တောင်ကုတ်သို့ ပြန်မလာရန် ဇနီးနှင့် မိတ်ဆွေများက သတိပေးထားသော် လည်း ကိုမင်းအောင်သည် ယမန်နေ့က ရန်ကုန်မှထွက်ခွါခဲ့ပြီး ယနေ့နံနက်က အဖမ်းခံခဲ့ရ သည်။ 

အိမ်တွင်လာရောက်ဖမ်းဆီးစဉ် အင်္ကျီလဲခွင့်တောင်းသည်ကိုပင် ခွင့်မပြုဘဲ နောက်မှ လာပို့ရန် ပြောဆိုခဲ့၍ မိသားစုဝင်များက နံနက်စာနှင့် အ၀တ်အစားများပို့ခဲ့ရာ ယနေ့နံနက် (၁၀) နာရီခန့် အထိ တောင်ကုတ်မြို့နယ်ရဲစခန်းတွင် ရှိနေသည်ဟု ဇနီးဖြစ်သူက ပြောသည်။ 

“အင်း၊ ကိုမင်းအောင်ကိုတောင် ပြောပါသေးတယ်၊ မလာပါနဲ့ဦး၊ ရန်ကုန်မှာပဲနေပါဦးလို့ သူက အဖမ်းခံချင်တယ်လေ။ မ၀င်ဖူးတော့ ၀င်ကြည့်ချင်တယ်နေမှာပေါ့နော်”ဟု ဇနီးဖြစ်သူက ရယ်မောစွာ ပြောဆိုခဲ့သည်။ 

သတင်းမီဒီယာများနှင့် ဆက်သွယ်သူများကိုလည်း စစ်အစိုးရက ဖမ်းဆီးနေသည်ကို သူမအနေ ဖြင့် သိရှိနေပြီး မြင်မြင်ရာ ဖမ်းနေသည့်အတွက် သူမလည်း ပြင်ဆင်ထားကြောင်း ဆက်လက် ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org