|
အိုးဘိုထောင်မှ ကိုငြိမ်းသစ်ဇနီး
ပြန်လည်လွတ်မြောက်လာ
ရိုးမ ၃။
အောက်တိုဘာ ၂၃၊ ၂၀၀၇
မန္တလေးမြို့သံဃာတော်များ မေတ္တာပို့လမ်းလျှောက်စဉ်
ပါဝင်ကူညီခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရ ပြီးနောက် ကဗျာဆရာ
ကိုငြိမ်းသစ်၏ဇနီး မန္တလေးအိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာ သည်။
စစ်အစိုးရတပ်ဖွဲ့များက ကဗျာဆရာ ကိုငြိမ်းသစ်အား လိုက်လံဖမ်းဆီးရာတွင်
မတွေ့သဖြင့် ဇနီးဖြစ်သူ အင်န်အယ်ဒီပါတီဝင် ဒေါ်ခင်မာလာအား
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ကျမကို
မန္တလေးမှာဖမ်းတာ၊ အားလုံး ၄ ယောက်။ အမျိုးသားတဦး၊ သူကတော့ ဆိုင်ကယ်နဲ့
လိုက်ကြည့်တာ၊ ဆိုင်ကယ်ပါ အသိမ်းခံရတယ်။ နောက်တော့ ပြန်ပေးလိုက်ပါတယ်။
ဦးစိန်လှ ကတော့ အင်န်အယ်ဒီအဖွဲ့ဝင်ပဲလေ၊ ဦးသိန်းသန်းဦးက စာရေးဆရာ၊
ကျမက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ပဲလေ”ဟု ဒေါ်ခင်မာလာက
ဆိုသည်။
ဖမ်းဆီးသွားစဉ် ပထမဆုံး ရွှေစာရံအနီးမှ အမှတ် (၄) ရဲစခန်းကို
ခေါ်ဆောင်စစ်ဆေးခဲ့ပြီး နောက် လိုချင်သည့်အချက်များရသည့်အခါ
အိုးဘိုထောင်ကြိုးတိုက်အတွင်း နေခဲ့ရကာ အစားအသောက်မကောင်းပဲ
ရေအနည်းသာပေးပြီး ဆေးဝါးကုသမှု လုံးဝမပေးကြောင်း သူမက ဆက်လက်ပြောဆိုသည်။
ယခုလ (၁၆)
ရက်နေ့အရောက်တွင် ထောင်အာဏာပိုင်များ ရောင်းချသည့် အစားအသောက် များကို
ဝယ်ယူစားသုံးခဲ့ရပြီး လူဝတ်လဲခံထားရသည့် သံဃာတော်များကို ညအချိန်တွင်
စစ်ဆေးရန် ထုတ်လာသည်ကို မြင်ခဲ့ရသည်ဟု ဆိုသည်။
“ကျမကိုထားတာတော့ မိုးကုတ်က မပွင့်ဖြူနဲ့ နှစ်ယောက်၊
ဒေါ်ဝင်းမြမြကိုတော့ တိုက် (၁) မှာ ထားတယ်။ ကျမတို့က တိုက် (၂)၊ တိုက်
(၃) မှာက မိတ္ထီလာက မမြင့်မြင့်အေးကို ထားတယ်။ တိုက် (၄) မှာက မတ္တရာက
မလေးလေးတို့၊ မမကြီးတို့ကို ထားတယ်။ လွှတ်တော်ကိုယ်စားလှယ် ရဲ့
သမီးတွေလေ၊ အခန်း (၅) မှာက မစန်းစန်းအေးကို ထားတယ်”ဟု သူမက ပြောသည်။
ထောင်တွင်း၌
စစ်ဆေးစဉ် အမျိုးသားညီလာခံအပေါ် သဘောထား၊ စစ်တပ်အပေါ် သဘော ထား၊
အင်န်အယ်ဒီပါတီ အပေါ်သဘောထား၊ ၈၈ မျိုးဆက် ကျောင်းသားများအပေါ် သဘော
ထားများကို အာဏာပိုင်များက မေးမြန်းခဲ့သည်ဟု ဆိုသည်။
၈၈ မျိုးဆက်
ကျောင်းသားများသည် (၁၇) နှစ်ကြာ ထောင်တွင်း၌ နေထိုင်ခဲ့ရပြီး
ပြန်လွတ်လာ ချိန်တွင်လည်း ပြည်သူများအကျိုးကို
ဆောင်ရွက်သူများဖြစ်သဖြင့် ကိုယ်ချင်းစာကာ လေးစား ကြောင်း
ပြောဆိုခဲ့သည်ဟု ဒေါ်ခင်မာလာက ဆိုသည်။
“တပ်မတော်ကို ဘယ်လိုသဘောမှမထားပါဘူးလို့၊ နိုင်ငံတော်ကာကွယ်ရေးအတွက်
ရှိသင့်တဲ့ အရာပဲ၊ ဒါပေမဲ့ အုပ်ချုပ်ရေးနဲ့မဆိုင်ဘူးလို့၊ ကာကွယ်ရေးပဲ
လုပ်ရမှာလို့၊ ကျမတို့ စစ်တပ်ကို ချစ်ပါတယ်၊ အာဏာရှင်ကိုသာ
မုန်းတာပါလို့ ပြောလိုက်တယ်”ဟု ဆိုသည်။
သံဃာတော်များသည်လည်း တိုင်းပြည်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊
ကုန်ဈေးနှုန်းကျဆင်းရေးတို့အတွက် ကံဆောင်ခဲ့သည့် အတွက် လွန်စွာ
လေးစားကြည်ညိုသည်ဟု ဖြေဆိုခဲ့ကြောင်း ဆက်လက်ပြောဆိုသည်။
ယခု သူမအား
ပုဒ်မ ၅၀၅(ခ) ဖြင့် ခံဝန်လက်မှတ်ထိုးကာ ပြန်လွှတ်လိုက်ခြင်းသာဖြစ်ပြီး
နောက်ထပ် ဆန္ဒပြမှုတွင်ပါဝင်ပါက ထောင်ဒဏ် (၇) နှစ် အပါအဝင် စုစုပေါင်း
နှစ်ကြိမ်အတွက် (၁၄) နှစ် ကျခံ၍ ဒဏ်ငွေငါးသိန်း ပေးဆောင်ရမည်ဟု
အာဏာပိုင်များက ခြိမ်းခြောက်ခဲ့သည်။
“ကျမကို
အာမခံတဲ့ သမီးနဲ့ ညီမလေးကိုလည်း နောက်တကြိမ်မှာ ကျမကိုမမိရင်
သူတို့ကို ဖမ်းမယ်၊ ငွေငါးသိန်း လျှော်ရမယ်၊ ရှိတဲ့ပစ္စည်းလည်း
သိမ်းမယ်ပေါ့၊ အဲ့လို ခြိမ်းခြောက်ခဲ့တာ။ ရဲချုပ်၊ ရှေ့နေချုပ်၊
တရားသူကြီးချုပ် ပါတယ်။ SB က စစ်ရေးမှူးတယောက် ပါတယ်။ သူတို့
ခြိမ်းခြောက်တာတွေ နားထောင်နေရတာပေါ့”ဟု ဆိုသည်။
ထောင်တွင်းရှိနေစဉ် ည (၂) နာရီထိုးမှ နံနက် (၄) နာရီအထိ
နှစ်ရက်ဆက်တိုက် အစာဖြတ် ရေဖြတ် အစစ်ဆေးခံရပြီး ကိုငြိမ်းသစ်ကို
ရှာပေးရန် အပေးအယူလုပ်သည်ကို လက်မခံခဲ့ဘဲ ကိုငြိမ်းသစ်အား
လွတ်အောင်နေရန်နှင့် မိသားစုအတွက် စိတ်မပူရန် ပြောလိုသည်ဟု
ဆက်လက်ပြောဆိုခဲ့သည်။ |