|
အတုအယောင် ထောက်ခံပွဲ ဘိုကလေးနှင့်
မြ၀တီတွင် ပြုလုပ်
ရိုးမ ၃။
အောက်တိုဘာ ၂၅၊ ၂၀၀၇
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ယနေ့နံနက်က စစ်အစိုးရ
အဓမ္မစုဆောင်းထားသည့် ပြည်သူ များနှင့် အခြေခံဥပဒေထောက်ခံပွဲကို
ပြုလုပ်ခဲ့သည်။
နိုင်ငံနှင့်အ၀ှမ်း ပြည်သူများအား အဓမ္မစုဆောင်းကာ အမျိုးသားညီလာခံမှ
ချမှတ်ခဲ့သည့် အခြေခံဥပဒေ ထောက်ခံပွဲများကို ပြုလုပ်လျှက်ရှိရာ
ယနေ့နံနက်က ဘိုကလေးမြို့တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ဒိုင်နယ်
၇၅ ဒိုင်နယ်က ကျေးရွာတရွာကို လူ ၂၀၀ မတက်မနေရတက်ရတာ၊ မတက်ဘူးဆိုရင် ငွေ
၅၀၀ ပေးရမယ်ဆိုပြီး အာဏာပိုင်တွေက အတင်းတက်ခိုင်းတာ”ဟု
ဘိုကလေးမြို့ခံတဦးက ဆိုသည်။
ကျေးရွာနှင့် မြို့ပေါ်တွင်လည်း အာဏာပိုင်များက အတင်းအဓမ္မ ဆော်သြကာ
တက်ရောက် စေပြီး မတက်ရောက်သည့်အိမ်များကို ဒဏ်ငွေရိုက်မည်ဟု
ခြိမ်းခြောက်ခဲ့ပြီး ဘိုကလေးမြို့ မြို့မအောက်ပိုင်း ဘောလုံးကွင်းတွင်
ယနေ့ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် သံဃာနှင့် ပြည်သူများ၏ ဆန္ဒပြမှုကို
အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် ၎င်းတို့ချမှတ်ထားသည့် မူဝါဒလမ်းစဉ်
(၇)ရပ်အတိုင်းသာ သွားမည်ကို အထင်အရှားပြသ နေခြင်းဖြစ်ပြီး
ယနေ့နံနက်ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့တွင်လည်း အဆိုပါ
အတုအယောင် ထောက်ခံပွဲကို ပြုလုပ်ခဲ့သည်။
“လူသုံးထောင်လောက် တက်တယ်။ မတက်ရင် တအိမ်ထောင်ကို မြန်မာငွေ ၈၀၀၀ နဲ့
ဘိလပ် မြေတအိတ် ဒဏ်ရိုက်မယ်ဆိုလို့ သွားတက်ခဲ့ရတာ” ဟု
မြ၀တီမြို့ခံတဦးက ဆိုသည်။
ယနေ့နံနက်
(၆) နာရီမှ (၉) နာရီခန့်ထိ ပြုလုပ်သည့် အဆိုပါ အတုအယောင် ထောက်ခံပွဲ
ပြုလုပ်နေစဉ်တွင် မြ၀တီမြို့ပေါ်မှ လမ်းများ၊ ဆိုင်များ အားလုံးကို
အာဏာပိုင်များအမိန့်ဖြင့် ပိတ်ထားခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ |