|
လှိုင်သာယာစက်မှုအလုပ်သမားများ ဆန္ဒပြ
ရိုးမ ၃။
အောက်တိုဘာ ၈၊ ၂၀၀၇
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံတွင် လုပ်ခလစာတိုးပေးရေးနှင့်
အခြားအချက်များ တောင်းဆို သည့် ဆန္ဒပြပွဲတရပ် ယနေ့နံနက်က
ဖြစ်ပွားခဲ့သည်။
လှိုင်သာယာစက်မှုဇုံ (၂) ရှိ ချားမင်းအထည်ချုပ်စက်ရုံ အလုပ်သမားများက
လုပ်ခလစာတိုးမြှင့် ရေးအပါအဝင် အချက် (၆) ချက်ကို တနာရီကျော်ကြာ
တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“ဒီလစာထုတ်တဲ့ရက်မှာ လစာတသောင်းကျော်လောက် လျှော့သွားတယ်၊
အလုပ်ချိန်ပို ခိုင်း တယ်၊ ထမင်းစားချိန် နာရီဝက်ပဲ ပေးတယ်၊
မုန့်စားချိန် အရင်ကလို မပေးတော့ဘူး၊ စက်ရုံ ကြိုပို့တဲ့ ကားခကိုလည်း
လစာထဲကဖြတ်တယ်၊ အဲ့ဒါတွေကို မကျေနပ်လို့ ကျမတို့ စက်ရုံဝင်း ထဲမှာပဲ
ငြိမ်းငြိမ်းချမ်းချမ်း မတ်တပ်ရပ်ပြီး ဆန္ဒပြတာပါ”ဟု စက်ရုံအလုပ်သမတဦးက
ပြော သည်။
အမှတ် (၃၈)၊
ဆိပ်ကမ်းသာလမ်းတွင် တည်ရှိသည့် ချားမင်းစက်ရုံ အလုပ်သမား (၈၀၀) ကျော် က
ယနေ့နံနက် (၇) နာရီမှစတင်ကာ ဆန္ဒပြခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အလုပ်သမားများဆန္ဒပြနေသည့် ချားမင်းစက်ရုံသို့ အလုပ်သမားဌာနမှ
တာဝန်ရှိသူများနှင့် ဒေသအာဏာပိုင်များ ရောက်ရှိလာကာ နေ့လည် (၁၂)
နာရီတွင် အလုပ်သမားများကို လူစုခွဲစေ ခဲ့ပြီး အလုပ်သမားတောင်းဆိုသည့်
အချက် (၆) ချက်ကို အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့်
စက်ရုံတာဝန်ခံများ ဆွေးနွေးကာ လိုက်လျှောခဲ့သည်ဟု ဆိုသည်။
အလုပ်သမား၏
တောင်းဆိုချက်များကို ချားမင်းစက်ရုံမှ လိုက်လျှောခဲ့သော်လည်း ဆန္ဒပြ
အလုပ်သမားခေါင်းဆောင်များကို နောင်တွင် ဆန္ဒပြမှုမဖြစ်ပေါ်စေရန်
ခံဝန်လက်မှတ် ထိုးခိုင်း ခဲ့သည်။
“အရင်အတွေ့အကြုံအရဆိုရင်
လက်မှတ်ထိုးခိုင်းတဲ့လူတွေကို အလုပ်ဖြုတ်တာမျိုး၊ လုပ်ခလစာ နည်းအောင်
အလုပ်ပေးမလုပ်တာမျိုး၊ အလုပ်ခွင်ထဲမှာ စက်ရုံတာဝန်ရှိတဲ့လူတွေက ညစ်တတ်
တော့ အလုပ်သမားတွေကတော့ သူတို့အတွက် စိုးရိမ်နေကြတယ်”ဟု အလုပ်သမတဦးက
ဆိုသည်။ |