Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပခုက္ကူတွင် အင်န်အယ်ဒီပါတီဝင်နှင့် ပြည်သူများကို ဆက်လက်ဖမ်းဆီးခဲ့

ဗထူး။ အောက်တိုဘာ ၅၊ ၂၀၀၇  

စစ်အစိုးရက ဆန္ဒပြမှုဖြစ်ပေါ်ခဲ့သည့် နေရာဒေသများမှ နိုင်ငံရေးပါတီဝင်များနှင့် တက်ကြွစွာ လှုပ်ရှားသူများကို ဖမ်းဆီးခဲ့ရာ မကွေးတိုင်း၊ ပခုက္ကူမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ဖမ်းဆီး ခဲ့သည်။ 

သံဃာတော်များ ငြိမ်းချမ်းစွာ လမ်းလျှောက်ကြွချီရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူများ ကို ညအချိန်တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။ 

ယင်းကဲ့သို့ ဖမ်းဆီးရာတွင် အင်န်အယ်ဒီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်အေး အပါအ၀င် ပြည်သူ ၄၀ ကျော်ခန့်အား ယခုလ (၃) ရက်နှင့် ယနေ့ (၄) ရက်နေ့အတွင်း နေအိမ် များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ 

“(၃) ရက်နေ့မနက် (၁) နာရီလောက်က (ရယက)ဥက္ကဋ္ဌ ပါတယ်၊ မြို့နယ်မှူးပါတယ်၊ အရပ်ဝတ် နဲ့ လေးယောက်ပါတယ်၊ ထုံးစံအတိုင်း ခေါ်နေကြဆိုတော့၊ ဆိုင်ကယ်တွေနဲ့ လေးယောက်လာ တယ်။ ခုလဲ ရပ်ကွက်တွေထဲမှာ လိုက်ဖမ်းနေတာပဲ၊ ခုမနက်က နှစ်ယောက်ဆွဲတယ်၊ ဘယ်သူ တွေဆိုတာ မသိရဘူး၊ လုံခြုံရေးက တင်းကြပ်တာတော့မရှိဘူး၊ ညဘက်တွေမှာ လိုက်ဆွဲတယ်” ဟု ဦးလှိုင်အေးနှင့် နီးစပ်သူတဦးက ဆိုသည်။ 

နိုင်ငံရေးပါတီများမှ ၁၀ ဦးနှင့် သာမာန်ပြည်သူ ၄၀ ဦးခန့်ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးနေပြီး သံဃာတော်များ ဆန္ဒဖော်ထုတ်ရာတွင် ရေသန့်ဗူးများ လှူဒါန်းဆက်ကပ်သူများကို ဓါတ်ပုံ အထောက်အထားများဖြင့် ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ဖမ်းသွားတဲ့အထဲမှာ ဈေးထဲမှာရွှေရောင်းတဲ့ ဦးဘရှင်၊ ဦးဘရှင်သား ကျော်ဌေး၊ ဦးဘရှင် သမက် ကိုမျိုးတင့်၊ သူတို့က ပေါက်လမ်း အမှတ် (၇) ရပ်ကွက်မှာ နေတယ်၊ နောက် ခိုင်ကမ္ဘာက ကိုပြုံးချိုဆိုတာ ဦးဘရှင်ရဲ့သားပဲ၊ ဆန္ဒပြတုန်းက သိနိုင်တဲ့ဟာမျိုးတွေကို လိုက်ဆွဲနေတာ၊ သံဃာတွေဆန္ဒပြတုန်းက ရေသန့်ဗူးကပ်တဲ့လူတွေလည်း ပါတယ်၊ အနည်းဆုံး ၅၀ လောက် ရှိမယ်၊ ခုထိဖမ်းနေတာ”ဟု မြို့ခံတဦးကဆိုသည်။ 

လက်ရှိတွင်ပခုက္ကူစာသင်တိုက်များမှ သံဃာများလည်း နေရပ်သို့ ပြန်လည်ကြွနေပြီး ပခုက္ကူမြို့ ကျောင်းများသို့ တပ်မ (၁၀၁) မှ တာဝန်ရှိသူများ လာရောက်၍ ဆန္ဒပြမှုမပြုလုပ်ရန် တားမြစ် နေသည်ဟု သံဃာတပါးက မိန့်သည်။ 

“နယ်ပြန်တဲ့သံဃာတွေကို ရောက်တာနဲ့ ကျောင်းတိုက်တွေကို ဖုန်းဆက်ဖို့မှာထားတယ်၊ ခုထိ တော့ သံဃာတွေ အေးအေးဆေးပဲ နေရပ်တွေကို ရောက်ပါတယ်၊ အဖမ်းခံရတဲ့သတင်းတော့ မရသေးဘူး”ဟု ပခုက္ကူစာသင်တိုက်မှ သံဃာတပါးက မိန့်သည်။  

ယမန်နေ့ ညနေ (၃) နာရီခန့်ကလည်း အင်န်အယ်ဒီရုံးချုပ်မှ အထွက်တွင် ကမာရွတ်မြို့နယ် စည်းအဖွဲ့ဝင်  ကိုခင်မောင်ထွန်းအား ဖမ်းဆီးလိုက်ပြီး ပခုက္ကူမြို့တွင်လည်း ယမန်နေ့ည (၁၁) နာရီခွဲတွင် ပခုက္ကူမြို့နယ် မြို့နယ်စည်းအဖွဲ့ဝင် ကိုဌေးဝင်းကို ဖမ်းဆီးခဲ့သည်။ 

“ည (၁၁) နာရီခွဲက ကမ္မရဲစခန်းမှူး လှိုင်အေးနဲ့အဖွဲ့က လာဖမ်းသွားတာ၊ ကိုဌေးဝင်းက ပခုက္ကူမြို့ပေါ်မှာ နေတာမဟုတ်ဘူး၊ ကမ္မကျေးရွာမှာနေတာ။ ဖမ်းထားတဲ့လူ အယောက် (၅၀) ကို မြင်းခြံထောင်ကို ပို့လိုက်တယ်၊ မြင်းခြံထောင်မှာရှိနေတယ်လို့ ကြားတယ်” ဟု ပခုက္ကူမြို့ခံ တဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org