|
စစ်အစိုးရက
နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးပြီး ပြည်သူအချို့ကို
ပြန်လွှတ်ပေးနေ
ဗထူး။
အောက်တိုဘာ ၃၊ ၂၀၀၇
စစ်အစိုးရက
မြို့နယ်အသီးသီးတွင် နိုင်ငံရေးလှုပ်ရှားသူများကို နည်းမျိုးစုံဖြင့်
ဖမ်းဆီးနေရာ ပခုက္ကူမြို့မှ လူ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယမန်နေ့က
နေအိမ်အသီးသီးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဆိုပါ လူ (၅) ဦးကို
ပခုက္ကူ ရဲနှင့် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
“လူ့ဘောင်သစ်ပါတီက ဗဟိုကော်မတီဟောင်း ကိုမြင့်လှိုင်၊ နောက် သူ့အဖေ၊
ရွှေဆိုင်ပိုင်ရှင် ကိုကျော်စိုး၊ အင်န်အယ်ဒီပါတီဝင်ဟောင်း ကိုမျိုးသစ်၊
နောက်တယောက်ကတော့ အမည်မသိ ဘူး၊ ဒီနဲ့ ၄၅ မိုင်ဝေးတဲ့ ပေါက်ရဲစခန်းမှာ
ချုပ်ထားတယ်၊ မိသားစုတွေ လိုက်မနိုင်အောင်ပေါ့”ဟု မြို့ခံတဦးက
ဆိုသည်။
၎င်းတို့အား
ပေါက်မြို့ရဲစခန်းတွင် ချုပ်ထားစဉ် ပေါက်မြို့ခံများက ထမင်းနှင့်
အစားအသောက် များ သွားပို့ခဲ့ရာ အပြင်သို့ သတင်းပေါက်သွား၍
မည်သည့်နေရာသို့ ထပ်ရွှေ့သွားသည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်
ပြောဆိုသည်။
ယနေ့နံနက်
(၈) နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် (မယက)ရုံးသို့
လူအပြည့်တင်ထားသည့် ကား (၃) စီး ရောက်ရှိလာပြီး ဖမ်းဆီးထားသူများကို
ပြန်လည်လွှတ်ပေးမည့်သတင်း ထွက်ပေါ် နေရာ မိသားစုဝင်များ
သွားရောက်ကြည့်ရှုနေကြသည်။
“ဒီကနေ
မိဘအုပ်ထိန်းသူတွေ သွားထုတ်ပါတယ်၊ ခုထိတော့ ရုံးကို
ပြန်သတင်းမပို့သေးပါဘူး၊ စာရင်းရောက်နေတာကတော့ ယောင်္ကျား (၁) ဦး၊
အမျိုးသမီး (၄) ဦးပါ”ဟု ကျောက်တံတား မြို့နယ်(မယက)ရုံးမှ
အမည်မဖော်လိုသူဝန်ထမ်းတဦးက ဆိုသည်။
ပြန်လွတ်လာမည့်သူများမှာ ဦးမောင်မောင်သန်း (ခ) ယာစင် အသက် (၄၅) နှစ်၊
မလှရွှေ (ခ) သံမာကကျီကာဖီ (၁၆) နှစ်၊ မနီလာ (၃၅) နှစ်၊ မမို့မို့ဆွေ
(၂၃) နှစ်၊ မယဉ်ယဉ်အေး (၂၈) နှစ် တို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆို
သည်။
သံဃာတော်များဆန္ဒပြရာတွင် ရေကပ်လှူခဲ့ပြီး
ဆန္ဒပြမှုတွင် စစ်တပ်အား ခဲများဖြင့် ပစ်ပေါက်ခဲ့ သည်ဟုဆိုကာ
ဗဟန်းမြို့နယ်၊ ရေနံ့သာရပ်ကွက်မှ ပြည်သူများကို ကား (၃) စီး
အပြည့်ဖြင့် ယမန်နေ့ညနက်ပိုင်းတွင် စစ်တပ်က
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ |