Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကုလသမဂ္ဂမှ လက်တွေ့ကျသည့်လုပ်ရပ်ကို လုပ်ရန်လိုသည်ဟု
တပ်ပေါင်းစုသံဃာတပါးက မိန့်ဆို

ဗထူး။ အောက်တိုဘာ ၆၊ ၂၀၀၇ 

ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြဆွေးနွေးချက်များကို အားရသော်လည်း လက်တွေ့ကျသည့် အရေးယူဆောင်ရွက်ချက်ဖြစ်ဖို့ လိုသည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ဝင် သံဃာတပါးက ယနေ့ မိန့်ဆိုသည်။ 

စစ်အစိုးရက ဆန္ဒပြသံဃာများနှင့် ပြည်သူများအား အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးနေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြဆွေးနွေးမှုများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ မိန့်ဆိုခြင်းဖြစ်သည်. 

“အားရတယ်ဆိုသော်ငြားလည်းပဲ လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ဟာတွေကို လုပ်ပေးနိုင်ဖို့တော့ လိုတယ်။ ရေရှည်အတွက်ဟာမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့၊ ဥပမာ စီးပွားရေးပိတ်ဆို့မှုလို ဟာမျိုးတွေ၊ လက်နက်ရောင်းဝယ်တာ ပိတ်ဆို့မှု ဟာမျိုးတွေနဲ့ ကိုင်တွယ်မယ်ဆိုတာတော့ မဖြစ် သင့်ဘူး၊ ဒါတွေက နောက် ၁၀ နှစ် ၁၅ နှစ်ကြာမှ ရလဒ်ထွက်လာမဲ့ ဟာတွေ၊ အခုဖြစ်နေတာက ဒီနေ့ဖြစ်နေတဲ့ဟာတွေ၊ မနေ့က ဖြစ်နေတဲ့ဟာတွေ ဒီနေ့ညနေနဲ့ ဒီနေ့ညနဲ့တောင် မတူဘူး၊ ချက်ခြင်းကိုပဲ လက်တွေ့ကျကျ ထိရောက်တဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှုတွေကို အရေးတကြီး လိုတယ်”ဟု ဦးဂမ္ဘီရက မိန့်သည်။ 

ပူနေသည့်အချိန် သံကိုကွေးဖြောင့်ရသလို အဖြစ်အပျက်များ ပူနွေးနေသည့် ယခုအချိန်ကာလ တွင် ဖြေရှင်းရန်လိုအပ်ကြောင်း၊ နေ့ညမပြတ် လူထုနှင့်သံဃာထုမှာ အကြမ်းဖက် လုပ်ကြံမှုများ ကို ခံနေရပြီး တရက်နှောင့်နှေးလျှင် တရက်ပိုမို ဆုံးရှုံးနစ်နာနေရသည့်အတွက် ကုလသမဂ္ဂ အနေဖြင့် အချိန်မှီ မြန်မြန်ဆန်ဆန်နှင့် လက်တွေ့ကျကျ ဖြေရှင်းရန်လိုသည်ဟု  ဆက်လက် မိန့်ဆိုသည်။ 

ယမန်နေ့ည စစ်အစိုးရ ရုပ်သံအစီအစဉ်တွင် ရန်ကုန်တိုင်း သံဃာ့မဟာနယကဆရာတော်များ အား တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဦးလှစိုးက ရန်ကုန်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၁၈) ကျောင်းကို လုံခြုံရေးတပ်ဖွဲ့များ စီးနင်းခဲ့ရာတွင် သံဃာတော်များနှင့်မအပ်စပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် အမျိုးသမီးများ၏ အသုံးအဆောင်ပစ္စည်းများကို တွေ့ခဲ့သည့် အတွက် သာသနာအတွက် ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အဆိုပါ လျှောက်ထားချက်နှင့်ပတ်သက်၍ ဦးဂမ္ဘီရက “ဒါတွေကတော့ တမင်လုပ်ကြံ အပြစ်တင် စွပ်စွဲတာတွေပဲ၊ သူတို့ရဲ့အပြစ်ကို သူခိုးကလူလိုဟစ်တဲ့သဘောပါ၊ ဆင်သေကို ဆိတ်သားရေ ဖုံးတဲ့ သဘောတွေပဲ၊ သံဃာထုရဲ့ အခြေအနေကို လူထုလည်းသိတယ်၊ သံဃာထုလည်း သိတယ်၊ ကမ္ဘာကလည်း သိတယ်၊ နိုင်ငံတကာကလည်း သိတယ်၊ ဦးဇင်းတို့အနေနဲ့ အထူး ဖြေရှင်းနေစရာ မလိုဘူးဗျ၊ ဘယ်သူက ဓမ္မလည်း၊ ဘယ်သူက အဓမ္မလည်းဆိုတာ အားလုံး လည်း ရှင်းရှင်းလေးသိပြီးသားပဲ”ဟု မိန့်ဆိုသည်။ 

စစ်အစိုးရရုပ်သံတွင် မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရအာဏာပိုင်များ တွေ့ဆုံခဲ့ရာတွင် နှစ်ဖက် ပြောဆိုချက်များနှင့် ယမန်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြချက်များ လွဲချော်မှုများ ရှိခဲ့ရာ စစ်အစိုးရသည် ယခုတိုင် ပြည်သူလူထုအား သတင်းအချက်အလက်မှားများ ယခင်က အတိုင်း ဖော်ပြပေးလျှက်ရှိနေသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“ဒီနအဖက တော်တော်မိုက်လုံးကြီးတယ်၊ မိုက်တွင်းကို အနက်ကြီးကိုတူးပြီး မိုက်တယ်။ ခုချိန်ထိ နောင်တမရသေးဘူး၊ ဦးသန်းရွှေတို့အနေနဲ့ ဒီပုဂ္ဂိုလ်တွေကို နည်းနည်းပြောချင်တယ်၊ အနိုင်ကျင့်တုန်းက အနိုင်ကျင့်ရဲတဲ့ သတ္တိ၊ အနိုင်ယူတုန်းက အနိုင်ယူရဲတဲ့ သတ္တှိရှိတယ်၊ ရှုံးတဲ့အခါမှာလည်း အရှုံးကိုလက်ခံရဲတဲ့ သတ္တိရှိဖို့လိုတယ်။ အဲ့ဒါ အရေးကြီးတယ်၊ အရှုံးကို ရောက်လာတဲ့အခါကျမှ အရှုံးကို လက်မခံရဲပဲ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်၊ ဆက်ပြီး လိမ်ညာနေတယ်”ဟု ဦးဂမ္ဘီရက မိန့်သည်။ 

အကြမ်းဖက်မှုများကို လုံလုံလောက်လောက် ဖုံးကွယ်၍မရနိုင်တော့သလို စစ်အစိုးရ ဆက်လက် အာဏာတည်မြဲရေးသည် ဘယ်လိုမှ မဖြစ်နိုင်တော့သည့်အတွက် ညီညွတ်ရေးကို အသိတရား နှင့်မဟုတ်ပဲ အကောင်အထည်ဖော်သွားရန်သာ လိုအပ်ကြောင်း ဆက်လက်မိန့်ဆိုသည်။ 

“ငြိမ်းချမ်းချင်ရင်၊ တိုင်းပြည်ကြီး စနစ်ဆိုးကြီးအောက်က လွတ်မြောက်စေချင်တယ်ဆိုရင် လက်ရှိဘဝတွေ၊ လက်ရှိအဖြစ်တွေ၊ လက်ရှိစနစ်တွေကို လက်မခံချင်တော့ဘူးဆိုရင်တော့ တကယ်ညီညွတ်ကြဖို့လိုတယ်။ ညီညွတ်ဖို့ဆိုတာ သိရုံနဲ့မရဘူး၊ တကယ်ညီညွတ်အောင် ကြိုးစားကြဖို့လိုတယ်။ ညီညွတ်ရင် အားပါပဲ” ဟု မိန့်သည်။  

  အသံနားဆင်လိုပါက -
 အသံဖိုင် (၁) | အသံဖိုင် (၂) | အသံဖိုင် (၃) | အသံဖိုင် (၄)

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org