|
လူ့ဘောင်သစ်ပါတီနှစ်ပတ်လည်နေ့ ကျင်းပ

ရိုးမ ၃။
အောက်တိုဘာ ၁၅၊ ၂၀၀၇
ရှစ်လေးလုံးလူထုအုံကြွမှု၏
တောင်းဆိုချက်ဖြင့် ဖွဲ့စည်းခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ(DPNS)၏
နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန့်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင်
ကျင်းပခဲ့သည်။
အနာဂတ်မြန်မာ့နိုင်ငံရေးတွင် လူငယ်အင်အားစုများနှင့်
တာဝန်ယူထမ်းဆောင်နိုင်ရန် နိုင်ငံရေး ပါတီတရပ်အဖြစ် ဖွဲ့စည်းခဲ့သည့်
(DPNS)၏ (၁၉)နှစ်မြောက် အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ
ပါတီ၏ နှစ်ပတ်လည်နေ့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် သံဃာနှင့်
ပြည်သူတို့၏ အရေးတော်ပုံကို စာမျက်နှာ (၄) မျက်နှာပါ သုံးသပ်ချက်ကို
ထုတ်ပြန်ခဲ့သည်။
“၀ါရွှေသော
သင်္ကန်းတော်နှင့် သာသနာ့အလံတော်သည် သွေးစွန်းခဲ့ပြီဖြစ်၍
ပြည်သူများဘက်မှ စစ်အာဏာရှင်စံနစ် အကုန်အစင် တိုက်ဖျက်ရေးသည်
နောက်ဆုတ်မရတော့သဖြင့် ပြတ်ပြတ်သားသား စာရင်းရှင်းရမည့်
နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲရတော့မည်”ဟု တင်ပြချက် နိဂုံးက ဆိုသည်။
‘လူထုတိုက်ပွဲ
အရှိန်မြှင့်ကြ’ဟု ကြွေးကြော်ခဲ့သည့် (DPNS) ပါတီ နှစ်ပတ်လည်နေ့သို့
မဟာမိတ် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအပါအ၀င်
အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
၁၉၈၈
လူထုအရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် (န၀တ) စစ်အုပ်စုက
နိုင်ငံရေးပါတီ များအား မတရား အသင်းအဖြစ် ကြေညာကာ ဖျက်သိမ်းခဲ့ရာတွင်
လူ့ဘောင်သစ်ပါတီ ပါဝင်ခဲ့ပြီးနောက် ပါတီဝင်များသည် လက်နက်ကိုင်
တော်လှန်ရေးနယ်မြေ (KNU)ဗဟိုဌာနချုပ်၊ မာနယ်ပလောတွင် ၁၉၉၁ ခုနှစ်၊
နိုဝင်ဘာလ (၇) ရက်နေ့၌ ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
(နအဖ)စစ်အုပ်စုက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ
(၆) ရက် နေ့တွင် တရားမဝင် အသင်းနှင့် ဆက်သွယ်မှုဖြင့် အကြောင်းပြကာ
ပါတီကို ဖျက်သိမ်းခဲ့သည်။
ပါတီနှစ်ပတ်လည်နေ့၌ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် သံဃာနှင့် ပြည်သူတို့၏
အရေးတော်ပုံအတွင်း ထိခိုက်ဒဏ်ရာရ၊ သေဆုံး၊ ပျောက်ဆုံး၊
ဖမ်းဆီးသူများနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်စုံစမ်း၍
တာဝန်ရှိသူများကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုခဲ့သည်။ |