Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရနောင်းလူသေမှု ဘတ်ငွေတသိန်းဖြင့် ကျေအေးခဲ့

ရိုးမ ၃။ နိုဝင်ဘာ ၉၊ ၂၀၀၇ 

ထိုင်-းမြန်မာနယ်စပ်၊ ရနောင်းမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့က ထိုင်းလူမျိုးတဦး၏ အနိုင်ကျင့် ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သူ မြန်မာအမျိုးသားတဦး၏ အမှုအား ဘတ်ငွေတသိန်းပေးကာ နှစ်ဖက်ကျေအေးလိုက်ကြသည်။ 

ကိုယ်ပိုင်ကားတစီးအား ကလေးများဆော့ကစားရာမှ ပွန်းခြစ်ရာများထင်ခဲ့သည်ဟုဆိုကာ ကလေးငယ်၏ ဖခင်ဖြစ်သူ ကိုသက်လွင်ဦးအား ကားပိုင်ရှင် ထိုင်းလူမျိုးမှ ရိုက်နှက်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကဏန်းအရောင်းအဝယ်လုပ်ကိုင်နေသူ ထိုင်းလူမျိုး ဖီးဝပ် ဆိုသူက ရနောင်းမြို့ (၂) ကျပ်ဂိတ်လမ်းတွင် ရပ်ထားသည့် သူ့၏ကားအား နီးနားရှိ မြန်မာ ကလေးငယ်များ ဆော့ကစားရာတွင် ခဲမှန်ခဲ့သည်ဟု စွပ်စွဲကာ ကလေးမိဘများထံမှ လျော်ကြေး တောင်းခဲ့သည်။ ထိုသို့တောင်းခံရာတွင် ကိုသက်လွင်ဦးကလေးလည်း ပါဝင်သည်ဟုဆိုကာ ၎င်းအား ခေါ်ယူ၍ သစ်သားပိုင်းဖြင့် ရိုက်နှက်ခဲ့ရာ ၎င်းဒဏ်ရာဖြင့်ပင် ကိုသက်လွင်ဦး သေဆုံး သွားခဲ့သည်။  

“ကောင်မလေးကလည်း သူ့တယောက်တည်း သွားတိုင်ထားတာမဟုတ်လား။ နောက် သူ့ကို ထိထိရောက်ရောက် လိုက်လုပ်ပေးတဲ့သူက မရှိဘဲကိုး။ သူ့ယောက်ျား သေဆုံးတဲ့အချိန်ဆိုတော့ သူလည်း အားငယ်နေတဲ့အချိန်လေ၊ လျှော်ကြေးငွေပေးမယ်၊ ကျေနပ်လား၊ ကျေနပ်တယ် ဆိုတာနဲ့ အမှုက ပြီးသွားတာပါပဲ”ဟု သေဆုံးသူ၏ ညီဖြစ်သူ ကိုကျော်ဦးက ဆိုသည်။ 

ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းမြို့တွင် မကြာခဏဆိုသလို လူသေမှုများ ဖြစ်ပေါ်လေ့ရှိပြီး ထိုင်း လူမျိုးများမှ မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများကို ကျူးလွန်လျှက်ရှိသည်ဟု ဆိုသည်။ 

ယခုကိစ္စအား ရနောင်းမြို့ ရဲအရာရှိက ပြစ်မှုကျူးလွန်သူနှင့် သေဆုံးသူ ကိုသက်လွင်ဦး၏ ဇနီးဖြစ်သူ မသန္တာမိုးအကြား ပြေလည်မှုရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ပြစ်မှု ကျူးလွန်သူမှ ဝန်ချတောင်းပန်ခဲ့သည်ဟု ဆိုသည်။ 

“ကျမဘက်မှာက  မိဘတွေကလည်း ဆင်းရဲတယ်၊ ကျမတို့ကလည်း ဆင်းရဲတယ်၊ အဲဒါ ကြောင့်မို့။ နောက်ပြီး ဒီအမှုကို ကျမဘက်ကလည်း အားတိုက်အင်တိုက် လိုက်နိုင်ဖို့ ငွေရေး ကြေးရေးကလည်း မပြည့်စုံဘူး။ အဲဒါကြောင့်မို့ ကျမလည်း လက်ခံလိုက်တယ်၊ လျှော်ကြေးငွေ ဘတ်တသိန်း ပေးတယ်ရှင့်”ဟု မသန္တာမိုးက ပြောသည်။ 

အဆိုပါ ထိုင်းလူမျိုးမှလည်း နောင်တွင် မြန်မာလူမျိုးများအပေါ် ယခုကဲ့သို့ မဖြစ်စေရန် ကတိ ပေးကြောင်း၊ ယခုကိစ္စမှာလည်း မထင်မှတ်ဘဲ လက်လွန်သွားခြင်းဖြစ်သဖြင့် အနူးအညွှတ် တောင်းပန်ကြောင်း ရဲစခန်းမှူးရှေ့တွင် ကတိပေးတောင်းပန်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

ခင်ပွန်းဖြစ်သူသေဆုံးချိန်တွင် မသန္တာမိုးနှင့်အတူ (၅)နှစ်အရွယ် ကလေးငယ်တဦး ကျန်ခဲ့ပြီး သေဆုံးသူအတွက် စိတ်သောကရောက်နေရခြင်း ပြေပျောက်စေရန် မြန်မာနိုင်ငံသို့ ပြန်လည် နေထိုင်တော့မည်ဟု ပြောဆိုသည်။ 

“ဒီလိုပဲ တမြည့်မြည့်နဲ့ ကိုယ့်ယောက်ျားအတွက် ခံစားနေရတယ်ပေါ့နော်။ ဒီအတိုင်းပဲ ကျမ နေ လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒါကြောင့်မို့လို့ စိတ်ပြေလက်ပျောက် ကျမ ဗမာပြည်ပဲ ပြန်လိုက်တော့မယ်၊ တကယ်တမ်းကျတော့လည်း ကိုယ့်ဗမာတွေ ထိလာတော့လည်း ဘယ်သူက ခံနိုင်မလဲ”ဟု မသန္တာမိုးက ဆိုသည်။ 

ရနောင်းဒေသတွင်နေထိုင်သူ မြန်မာနိုင်ငံသားအများစုသည် ထိုင်းလူမျိုး လုပ်ငန်းရှင်များ ဘက်မှသာ ရပ်တည်လေ့ရှိသောကြောင့် ယခုလိုအဖြစ်အပျက်မျိုး နောင်တွင်လည်း ဖြစ်ပေါ်နေ မည်သာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ဒါပေမယ့် ရနောင်းက ဗမာတွေကလည်း လိုတယ်ရှင့်။ ကိုယ်ကသာ မခံချင်စိတ်အပြည့်နဲ့ လိုက်လုပ်နေပေမယ့် သူတို့တွေက ကိုယ့်ဘက် အင်တိုက်အားတိုက် မရှိခဲ့ဘူး။ များသောအားဖြင့် ဗမာတွေက ဆယ်ပုံပုံရင် ကိုးပုံက ရှမ်းဘက်ပါတယ်။ သူတို့စားရရင်ပြီးရော၊ သူတို့ စားဝရင် ပြီးရော။ တကယ့်လက်တွေ့ကျတော့  ဗမာတွေဟာ  ကျမဘက်မှာ ဘယ်သူမှ ရပ်တည်ပေးမယ့် သူ မရှိခဲ့ဘူး”ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org