|
အင်းစိန်ထောင်တွင်း
မတရားဖမ်းညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်
ဗထူး။
နိုဝင်ဘာ ၁၉၊ ၂၀၀၇

သြဂုတ်နှင့်
စက်တင်ဘာလ လှုပ်ရှားမှုများအတွင်း ဖမ်းဆီးခံခဲ့ရသည့်
နိုင်ငံရေးလှုပ်ရှားသူများကို စစ်ဆေးရာတွင် နည်းအမျိုးမျိုးဖြင့်
ညှဉ်းပန်းနှိပ်စက်လျှက်ရှိသည်။
အင်းစိန်ထောင်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများ၊
အင်န်အယ်ဒီပါတီဝင်များနှင့် ရဟန်း သံဃာများအား ရဲတပ်ဖွဲ့နှင့်
စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နည်းအမျိုးမျိုးဖြင့်
စစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။
၈၈
မျိုးဆက်ကျောင်းသားများအား သြဂုတ်လ (၂၁) ရက်နေ့တွင် ဆရာစံလမ်းရှိ
ပြည်ထဲရေး ဝန်ကြီးဌာနရုံးချုပ်သို့ ခေါ်ဆောင်သွားပြီး နောက်တနေ့တွင်
အင်းစိန်အကျဉ်းထောင်တွင်း စတင် တိုက်ပိတ်ကာ ညအချိန်စစ်ဆေးမှုများ
လနှင့်ချီပြုလုပ်ခဲ့သည်ဟုဆိုသည်။
“တယောက်ကို
ရဲတာဝန်ကျ သုံးဦးစီ အလှည့်ကျ နေ့ရောညပါ ဆက်တိုက်စစ်ဆေးတာပါ၊
တယောက်ကို ၅ ရက်ကနေ ၁၄ ရက်ထိ ဆက်တိုက်စစ်ဆေးတာ၊ အဲ့ဒီနောက်မှ စစ်တာ
လျှော့သွားပြီး အနားယူခွင့်ရခဲ့တာ”ဟု အမည်မဖော်လိုသူ ၈၈
မျိုးဆက်ကျောင်းသားတဦးက ဆိုသည်။
အိပ်ရေးပျက်မှုကြောင့် ကိုအံ့ဘွယ်ကျော်မှာ သတိလစ်မေ့မြောသွားစဉ်
ရဲအရာရှိမှ ခေါင်းကို ရိုက်ကာ နိုးသောအခါ ကယောင်ကတမ်းဖြင့်
အော်ဟစ်ခဲ့သဖြင့် ဆေးထိုးလိုက်မှသာ အိပ်ပျော် သွားခဲ့ပြီး
ကိုမင်းဇေယျာမှာလည်း သွေးတိုးရောဂါ ဆိုးဝါးစွာ ခံစားနေရသဖြင့် ဆေးကုသမှု
အကြိမ်ကြိမ်ခံနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထောင်တွင်းတွင် ဆန်ကြမ်းထမင်း၊ မနက်တွင် ပဲဟင်းနှင့် ညနေဘက်တွင်
အရွက်ပြုတ်ရည်ဖြင့် စားသောက်ရပြီး တပတ်လျှင် ထောင်ပုံစံ
အသားနှစ်ကြိမ်သာရရှိပြီး တလခွဲ့ခန့် အခြား မည်သည့်အစားအသောက်ကိုမှ
ရရှိခြင်းမရှိခဲ့ပေ။
ဧရာဝတီတိုင်းမှ ဖမ်းဆီးခံရသူများနှင့် စက်တင်ဘာလလှုပ်ရှားမှုအတွက်
ထောင်တွင်းရောက်ရှိ လာသည့် လူငယ်များနှင့် သံဃာတော်များအား
ရဲသတင်းအထူးတပ်ဖွဲ့(SB)နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)
အဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်။
“(စရဖ)က
လူငယ်လေးဦးကို ဆံပင်ကဆွဲပြီး အခန်းထဲခေါ်သွင်းသွားတယ်၊ ခေါင်းကို
ဖိနပ်နဲ့ တက်နင်းတော့ မျက်နှာနဲ့ကြမ်းပြင်ထိမှ မေးတာ၊ ဖိနပ်နဲ့ ကန်တယ်၊
ဆံပင်ဆွဲ ပါးရိုက်တယ်၊ စစ်ဆေးထားသူနှစ်ယောက်ကို အပြန်အလှန်
ပါးရိုက်ခိုင်းတာမျိုးအထိ လုပ်တယ်”ဟု ကိုယ်တိုင် မြင်တွေ့ခဲ့သူတဦးက
ဆိုသည်။
အဆိုပါ
ရိုက်နှက်ခံရသူနှစ်ဦးသည် ဘိုကလေးမြို့မှ ပြည့်ဖြိုးလှိုင်နှင့်
ဖြိုးမောင်မောင်စိုး ဆိုသည် ကို နောက်ပိုင်းတွင် သိရှိခဲ့ရပြီး
သံဃာတော်များအား ဆန္ဒမပါဘဲ သင်္ဃန်းများချွတ်ကာ လူဝတ် လဲစေပြီး
ကြမ်းပြင်တွင်ထိုင်စေကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို
သည်။
“မင်းက
ဘုန်းကြီးမဟုတ်ဘူး-- လူ၊ ဘုန်းကြီးအတုကွ ဆိုပြီး ရိုက်နှက်စစ်ဆေးတာတွေ
ရှိတယ်၊ ဘုန်းကြီးတွေက ဒို့မေတ္တာပို့တာ၊ ဒို့မှာအပြစ်ရှိလားလို့မေးတော့
တချို့က သူတို့လည်း ဗုဒ္ဓ ဘာသာဝင်တွေပါ၊ တောင်းပန်ပါတယ်ဆိုတာမျိုးလည်း
ရှိတယ်” ဟု ဘွဲ့အမည်မဖော်လိုသည့် သံဃာတပါးက ဆိုသည်။
၈၈
မျိုးဆက်ကျောင်းသားများအနေဖြင့် ဖမ်းဆီးခံရပြီး ၁ လခွဲကြာမှသာ
အချို့မှာ သတင်းစာ၊ မဂ္ဂဇင်းနှင့် ဘာသာရေးစာအုပ်များ ဖတ်ရှုခွင့်ရခဲ့ပြီး
လက်နက်ကိုင်အဖွဲ့နှင့် ၈၈ မျိုးဆက် ကျေုာင်းသားများ ပတ်သက်သည်ဆိုသည့်
စွပ်စွဲရေးသားချက်များကို သိရှိခဲ့ရသည်ဟုဆိုသည်။
“ရဲတွေ
စစ်ဆေးချက်မှာ ဒီအကြောင်းအရာတွေမပါဘူး၊ စစ်ဆေးတဲ့ လူတွေကိုယ်တိုင်က
ဒါတွေ နဲ့ ပတ်သက်တာတွေ ဘာမှမမေးဘူး၊ သတင်းစာထဲမှာပါတဲ့ ငွေကြေးအရ
စစ်ဆေးချက်တွေ မေးတာလည်းမရှိဘူး၊ ဆိုတော့ သက်သက်စွပ်စွဲပြီး
နှစ်ရှည်ထောင်ဒဏ်ချဖို့ ပြင်ဆင်နေတာ သိသာနေတယ်”ဟု ၈၈
မျိုးဆက်ကျောင်းသားတဦးက ဆိုသည်။
သာသနာရေးဝန်ကြီးက နိုင်ငံတော်သံဃာ့မဟာနာယကသို့ စက်တင်ဘာသံဃာတော်များ
လှုပ်ရှားမှုကို သေးသိမ်စေရန် အမျိုးသမီးများနှင့် နေထိုင်ခြင်း၊
ညစ်ညမ်းဗွီဒီယိုခွေများနှင့် ချဲထီလောင်းကစား စာရွက်စာတမ်းများ
ကျောင်းတိုက်များသို့ ဝင်ရောက်ရှာဖွေစဉ် တွေ့ရှိခဲ့ သည်ဟု
စွပ်စွဲလျှောက်ထားချက်များကို ပြုလုပ်ခဲ့သည်။
လွတ်မြောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားတဦးနှင့် နီးစပ်သူတဦးက
“သူတို့ကိုမလွှတ်ခင် ရက်အနည်းငယ်က သံဃာတွေကိုထားတဲ့ တိုက်တွေမှာ
ရဲအရာရှိတဦးက ဘုန်းကြီးတို့ကို ဖမ်းထားတာ နိုင်ငံရေးအရ ဖမ်းတာပါ၊
လွှတ်မယ်၊ ထောင်ချမယ်ဆိုတာလည်း နိုင်ငံရေးအရပဲ ဖြစ်ပါတယ်၊ ကျန်တဲ့
စွပ်စွဲချက်တွေအားလုံး ရုတ်သိမ်းလိုက်ပါပြီဘုရား”ဟု လိုက်အော်ခဲ့သည်ဟု
ဆိုသည်
စစ်အစိုးရအနေဖြင့် မကြာသေးမီကာလက ကုလသမဂ္ဂ
လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာပီညဲရိုးအား မြန်မာနိုင်ငံအတွင်း
ဝင်ခွင့်ပြုခဲ့ပြီး စစ်တင်ဘာလှုပ်ရှားမှုအတွင်း စစ်အစိုးရ
အကြမ်းဖက်မှုဖြစ်ပေါ်ခဲ့သည့် နေရာနှင့် ဖမ်းဆီးထားသည့် နေရာများအား
သွားရောက် ကြည့်ရှုခွင့် ပြုခဲ့သည်။
မစ္စတာ
ပီညဲရိုးအနေဖြင့် ယခုကဲ့သို့ ထောင်တွင်းအဖြစ်အပျက်များကို
အကျဉ်းထောင်များ အတွင်း လာရောက်ကြည့်ရှုခွင့်ရချိန်တွင်
သိရှိသွားနိုင်လိမ့်မည်မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ
ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) AAPP မှ အတွင်းရေးမှူး
ကိုတိတ်နိုင်က ပြောဆိုသည်။
စစ်အစိုးရက
နိုင်ငံရေးလှုပ်ရှားသူများကို နယ်အသီးသီးရှိ အကျဉ်းထောင်များတွင်
ဖမ်းဆီး ထိန်းသိမ်းထားသည့်အတွက် အဆိုပါ အကျဉ်းထောင်အခြေအနေများနှင့်
ပတ်သက်၍ ကိုတိတ်နိုင်က “နိုင်ငံတကာ မျက်စိအောက်မှာရှိနေတဲ့
အင်းစိန်ထောင်မှာတောင် ဒီလိုဖြစ်နေ မယ်ဆိုရင် အခြားထောင်တွေရဲ့
အခြေအနေတွေဟာ ပိုဆိုးမယ်လို့ ကျနော်တို့ ယူဆတယ်”ဟု ဆိုသည်။
ယခုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် စစ်ကြောရေးစခန်းများနှင့်
ထောင်တွင်းအခြေအနေ များကို သိရှိနိုင်အောင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ
လူ့အခွင့်အရေးအဖွဲ့များထံ ပိုမို အသိပေးဖို့ လိုအပ်လာနေသည်ဟု ၎င်းက
ဆက်လက်ပြောဆိုသည်။
စက်တင်ဘာလ
သံဃာနှင့် ပြည်သူလှုပ်ရှားမှုအား စစ်အစိုးရက အကြမ်းဖက်ဖိနှိပ်မှုများ
ပြုလုပ် ခဲ့ပြီးနောက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီအနေဖြင့်
ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း အကြမ်းဖက် ဖိနှိပ်နေမှုနှင့်
ဖမ်းဆီးခြင်းများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်ကို
စစ်အစိုးရခေါင်းဆောင်ပိုင်းအား အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။
န၀တ/နအဖ
စစ်အုပ်ချုပ်ရေးတလျှောက် အတိုက်အခံများနှင့် ပြည်သူများအပေါ် ဆက်ဆံရေး
မှာ ဖိနှိပ်ခြိမ်းခြောက်ကာ အကြောက်တရားဖြင့် အုပ်ချုပ်နေမည်ကို AAPP
အနေဖြင့် အစကပင် မျှော်လင့်ထားပြီးဖြစ်သည်ဟု ဆိုသည်။
“ဘယ်သူတွေလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ သူတို့ရဲ့အာဏာကို
ခြိမ်းခြောက်အန္တရာယ်ပြု မယ်ဆိုရင်တော့
ဘယ်လိုအောက်တန်းကျတဲ့နည်းလမ်းမဆို သူတို့ကတော့ အသုံးပြုမှာပဲ”ဟု
ကိုတိတ်နိုင်က ဆက်လက်ပြောဆိုခဲ့သည်။ |