Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဥပဒေစည်းကမ်းနှင့်အညီ စစ်သားစုဆောင်းခြင်းမဟုတ်ဟုဆိုကာ မိဘများထံပြန်အပ်ရန် တောင်းဆို

ဗထူး။ နိုဝင်ဘာ ၇၊ ၂၀၀၇ 

အရွယ်မရောက်သေးသည့် ကလေးငယ်အား စစ်သားအဖြစ် အဓမ္မစုဆောင်းခြင်းသည် ဥပဒေနှင့်မညီသဖြင့် နေရပ်သို့ ပြန်လည်အပ်နှံရန် မိဘများက တောင်းဆိုလိုက်သည်။

ဦးလေးဖြစ်သူထံမှ မိဘအိမ်သို့ပြန်လာစဉ် အသက် (၁၄) နှစ်အရွယ် မောင်ကျော်မင်းဆိုသူသည် အင်းစိန်မြို့ နယ်အတွင်း စစ်သားအဖြစ် အဓမ္မ စုဆောင်းခံခဲ့ရခြင်းဖြစ်သည်။ 

ယခုနှစ် သြဂုတ်လ (၈) ရက်နေ့မှစတင်ကာ အင်းစိန်ရွာမကွေ့ရှိ ဦးလေးဖြစ်သူနေအိမ်တွင် သွားရောက်နေထိုင်ပြီး ယင်းလ (၁၄) ရက်နေ့တွင် နေအိမ်သို့အပြန်တွင် မောင်ကျော်မင်း ပျောက်ဆုံးသွားခဲ့သည်။ 

“ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ထဲက မိဘအိမ်ကိုအပြန်မှာ ပျောက်တာပါ။ အဲ့ဒီနေ့ပဲ ဆိပ်ကမ်း(၉၈)ရပ်ကွက်က ရယကရုံးနဲ့ ဆိပ်ကမ်းရဲစခန်းမှာ လူပျောက်တိုင်ခဲ့တယ်။ စက်တင်ဘာလ (၁၈) ရက်နေ့ကျတော့ လူကြုံနဲ့ မောင်ကျော်မင်း ဒညင်းကုန်းစုဆောင်းရေးမှာ ရောက်နေကြောင်း သိရတယ်”ဟု မိသားစုနှင့်နီးစပ်သူတဦးက ဆိုသည်။

ထို့ကြောင့် မိဘများမှ စက်တင်ဘာလ (၂၀) ရက်နေ့မှ စတင်ကာ သုံးရက်ဆက်တိုက် ဒညင်းကုန်းစစ်သားစုဆောင်းရေးသို့ သွားရောက်စုံစမ်းရာ ဂိတ်ပေါက်တာဝန်ကျစစ်သားမှ မောင်ကျော်မင်းအား လာရောက်ပို့ဆောင်ပေးခဲ့သူ ပါလာမှသာ ပြန်လည်ထုတ်ပေးမည်ဟု ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရအနေဖြင့် သက်ဆိုင်ရာတိုင်းအလိုက် တပ်ရင်းတပ်ဖွဲ့များအား လစဉ် တပ်သားသစ်များ သတ်မှတ်ဦးရေပြည့်မှီအောင် မဖြစ်မနေစုဆောင်းရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားရာ အဆိုပါ တပ်ရင်းတပ်ဖွဲ့များက နေရာအနှံ့ အဓမ္မစစ်သားစုဆောင်းမှုများ ပြုလုပ်လျှက်ရှိသည်။ 

“တပ်သားသစ်ရဖို့က ပွဲစားလည်းရှိတယ်။ တယောက်ကို ကျပ် (၂၀,၀၀၀) ကနေ (၃၀,၀၀၀) ထိ ပေးရတယ်။ ကလေးအရွယ်တွေလည်း ပါတယ်။ စစ်သားစုဆောင်းရေးမှာ ပြန်ထုတ်မယ်ဆိုရင် လည်း ဈေးကွက်ရှိတယ်။ အနည်းဆုံး (၃၀,၀၀၀) လောက်ပေးရတယ်။ တပ်ရင်းတွေက သတ်မှတ်ချက်အတိုင်း မစုဆောင်းနိုင်ရင် အရေးယူခံရတာမျိုးအထိရှိတယ်”ဟု အမည်မဖော် လိုသူ တပ်မတော်အရာရှိတဦးက ဆိုသည်။  

မောင်ကျော်မင်း၏မိဘများက သားဖြစ်သူအား စစ်တပ်မှ ပြန်လည်ထုတ်ယူနိုင်ရန်အတွက် နေပြည်တောရှိ တပ်မ တော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ်ချူပ်ကြီး သိန်းစိန်(စစ်ရေးချုပ်)၊ ဗိုလ်ချုပ်မောင်ဦး(ပြည်ထဲရေးဝန်ကြီးဌာန)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)သို့ စာရေးသားပေးပို့ တောင်းဆိုထားသည်ဟု ဆိုသည်။ 

ကုလသမဂ္ဂမှ ကမ္ဘာပေါ်တွင် အရွယ်မရောက်သေးသူများအား စစ်မှုထမ်းခိုင်းစေသည့် နိုင်ငံများ တွင် မြန်မာနိုင်ငံသည်လည်းပါဝင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စစ်အစိုးရက ယခု ဝန်ကြီးချုပ်ဖြစ်သူ ယခင်အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော အရွယ်မရောက်သည့် ကလေးငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်ရန် ကော်မတီ တရပ်ကို ဟန်ပြဖွဲ့စည်းခဲ့ပြီးနောက် ကလေးငယ်အမြောက်အများ စစ်သားအဖြစ် အဓမ္မ စုဆောင်းခံနေရဆဲဖြစ်သည်။ 

“မိဘရဲ့သဘောဆန္ဒလည်း မပါဘူး၊ တပ်သားသစ်စုဆောင်းတာလည်း ဥပဒေ စည်းမျဉ်း စည်းကမ်းနဲ့လည်း မညီဘူး၊ ကလေးငယ်တွေ စစ်မှုထမ်းတာကို ကာကွယ်တဲ့ ဥပဒေနဲ့လည်း မညီလို့ မိဘတွေဆီပြန်အပ်ဖို့ တောင်းတာပါ၊ ခုထိတော့ ဘာမှမထူးသေးဘူး”ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။ 

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးငယ်များအသုံးပြုခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်သည် ယခုနှစ်အတွင်း မြန်မာစစ်အစိုးရနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး သဘောတူညီချက်များ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း စစ်အစိုးရက ၎င်းတို့စစ်တပ်အတွင်း ကလေးသူငယ်များ စစ်မှုထမ်းရန် အဓမ္မစေခိုင်းခြင်းမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုနေခဲ့သည်။ 

“ကုလကိုယ်စားလှယ်လာတုန်းက ရန်ကုန်စုဆောင်းရေးက စုထားတဲ့ ကလေးတွေကို နေရာ ခဏ ရွှေ့လိုက်တယ်၊ လေ့ကျင့်ရေး (၁) ကျောင်းက ကလေးတွေကို တောထဲ ၀ှက်ထားလိုက် တာပါပ”ဲ ဟု အမည်မဖော်လိုသူ အရာ ရှိတဦး ကဆိုသည်။   

ယခု စစ်သားအဖြစ် အဓမ္မစုဆောင်းခြင်းခံသူ မောင်ကျော်မင်းသည် အဖ ဦးအေးသောင်း၊ အမိ ဒေါ်အေးနိုင်တို့နှင့်အတူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၈) ရပ်ကွက်၊ မနောသုခ (၁) လမ်း၊ အိမ်အမှတ် (၈၁) တွင် နေထိုင်သူဖြစ်သည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org