|
ပြည်ပမှ အသံနှင့်ရုပ်သံ နားထောင်လျှင်
လိုင်စင်သိမ်းမည်
ရိုးမ ၃။
နိုဝင်ဘာ ၂၀၊ ၂၀၀၇
နိုင်ငံခြားအသံလွှင့်ဌာနများမှ လွှင့်ထုတ်သည့် သတင်းများဖွင့်လှစ်ပါက
ဆိုင်များအား ရောင်းချ ခွင့်လိုင်စင် သိမ်းမည်ဟု စစ်အစိုးရက
ကြေညာထားသည်။
BBC, VOA,
RFA အသံလွှင့်ဌာနများမှ လွှင့်ထုတ်ချက်များကို ဖမ်းယူလွှင့်ထုတ်ပြသသည့်
စားသောက်ဆိုင်များ၏ ရောင်းချခွင့်လိုင်စင်အား သိမ်းမည်ဟု
အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်ရှိ ဆိုင်များအား
နိုင်ငံခြားအသံလွှင်ဌာနများ၏ သတင်းနှင့် ရုပ်သံထုတ်လွှင့်မှုများအား
ဖမ်းယူပြသပါက မြို့နယ်(မယက)အမိန့်ဖြင့် လိုင်စင်များ သိမ်းယူ
မည်ဖြစ်သည်ကို သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်။
“ရပ်ကွက်ထဲမှာရှိတဲ့ ဘုမသိ ဘမသိ (ရယက)ဆိုတဲ့ကောင်တွေက ဆိုင်ရှင်တွေကို
လက်မှတ် ထိုးခိုင်းတာ၊ သိရှိကြောင်းပေါ့၊ တကယ်လို့ ပြမယ်ဆိုရင်
ရောင်းချခွင့်လိုင်စင်တို့၊ အခွန်ကင်း လွတ်ခွင့်တို့
ရုတ်သိမ်းမယ်ပေါ့”ဟု ဘိုကလေးမြို့ခံတဦးက ဆိုသည်။
နိုင်ငံတကာ
မီဒီယာများအား မကြည့်ရန် ရပ်ကွက်ရှိ (ရယက)အဖွဲ့ဝင်များက နေရာတိုင်းတွင်
ပြောနေသည်ကို ကြားခဲ့ရပြီး ပြည်သူအများစုမှာ ထိုလုပ်ရပ်ကို
နားမလည်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက
စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သည့် သံဃာနှင့် လူထုလှုပ်ရှားမှုအား အကြမ်းဖက်
နှိမ်နင်းပြီးနောက်တွင် ပြင်ပနှင့် ဆက်သွယ်နေသည့် အင်တာနက်၊
တယ်လီဖုန်းလိုင်းများအား အကန့်အသတ်ဖြင့် စောင့်ကြည့်ခဲ့ပြီးနောက်
ယခုကဲ့သို့ နယ်ဒေသအာဏာပိုင်များအား ညွှန်ကြား ခဲ့သည်ဟုဆိုသည်။
ယခုအခါ
စစ်အစိုးရအနေဖြင့် ၎င်းတို့၏ ပြုမှုဆောင်ရွက်ချက်များအား နိုင်ငံတကာမှ
အချိန်နှင့် တပြေးညီ သိရှိလာသည်ဟု ယူဆထားပြီးနောက်ပိုင်း သတင်း၊
စာနယ်ဇင်း၊ မီဒီယာများအား အမြဲမပြတ် စောင့်ကြည့်လေ့လာနေသည်ဟု ဆိုသည်။ |