|
နိုင်ငံရေးပြဿနာအား
တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရမည်ဟု မွန်ပြည်သစ်ပါတီပြောဆို
ဗထူး။
နိုဝင်ဘာ ၁၈၊ ၂၀၀၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီတို့ တွေ့ဆုံခဲ့ပြီးနောက်
တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်သည့် သဘောထားကို မွန်ပြည်သစ်ပါတီက
သဘောထားထုတ်ပြန်ခဲ့သည်။
စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့အစည်းအချို့က
ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်ကို ကန့် ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့
သဘောထားထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်။
ပြီးခဲ့သည့်
(၁၆) ရက်နေ့က မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်တွင် စစ်အစိုးရ၏ အမျိုးသား
ညီလာခံတွင် တိုင်းရင်းသားများ၏အရေးကို တင်ပြခဲ့သော်လည်း
စစ်အစိုးရအနေဖြင့် လက်မခံ အသိအမှတ်မပြုခဲ့သည့်အတွက် လေ့လာသူအဆင့်သို့
လျှော့ချတက်ရောက်ခဲ့သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးသဘောထားပါ
တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးနှင့် ပတ်သက်သည့် သဘောထားကို မူအားဖြင့်
၎င်းတို့ပါတီက ထောက်ခံခဲ့ပြီး လက်တွေ့ အရ မည်ကဲ့သို့ဖြစ်ပေါ်လာမည်ကို
စောင့်ကြည့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့အပြင်
မွန်ပြည်သစ်ပါတီက မြန်မာ့နိုင်ငံရေးပြဿနာများအား တွေ့ဆုံဆွေးနွေး
အဖြေရှာ ရာတွင် တိုင်းရင်းသားလူမျိုးစုများလည်း ပါဝင်မှသာ
ပြီးပြည့်စုံပြေလည်မည်ဟု အတိအလင်း သဘောထားထုတ်ပြန်ခဲ့သည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့်
အပစ်အခတ်ရပ်စဲခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနက် (၁၄)
ဖွဲ့မြောက်အဖွဲ့ဖြစ်သည်။
စစ်အစိုးရသတင်းစာများမှ တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်သည့်
သဘောထားများကို ကန့်ကွက်သည်ဆိုသည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ထုတ်ပြန်ကြေညာချက်များကို
ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ မွန်ပြည်သစ်ပါတီ
သဘောထားထုတ်ပြန်ကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း အချို့သောတိုင်းရင်းသားအဖွဲ့အစည်းတို့၏
ထုတ်ပြန်ကြေညာချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားထုတ်ပြန်ချက်ကို
မှားယွင်းစွာ အဓိပ္ပါယ်ကောက်ယူခဲ့ ခြင်းဖြစ်သည်ဟု
အင်န်အယ်ဒီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယခုထုတ်ပြန်သည့် မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏
ကြေညာချက်သဘောထားနှင့် ဆန့်ကျင်၍ အမျိုးသားညီလာခံကို ထောက်ခံကြောင်း
အပစ်ရပ် အဖွဲ့နှင့် နိုင်ငံရေးအဖွဲ့အချို့တို့ကို စစ်အစိုးရအနေဖြင့်
လိုက်လံစည်းရုံးကာ သဘောထားရယူ ထုတ်ပြန်မှုအပေါ်
တုန့်ပြန်သဘောထားပေးခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရအနေဖြင့် ညောင်နှစ်ပင်ညီလာခံမှ အတည်ပြုမည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲ များကို ပြည်သူ့ဆန္ဒမပါဝင်ဘဲ
နိုင်ငံအနှံ့ အတင်းအကြပ်ဆောင်ရွက်နေသလို ညီလာခံကျင်းပစဉ် ကလည်း
တိုင်းရင်းသားများ၏ တင်ပြချက်များကို အစဉ်တစိုက် ငြင်းပယ်ခဲ့သည်။ |