|
တိုင်းရင်းသားခေါင်းဆောင်တချို့ကို
စစ်အစိုးရဖမ်းဆီး
ဗထူး။
နိုဝင်ဘာ ၂၃၊ ၂၀၀၇
တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်ကို
ထောက်ခံခဲ့ သည့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်များကို
စစ်အစိုးရက ယမန်နေ့တွင် ဖမ်းဆီးခဲ့သည်။
တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တွင် တိုင်းရင်းသားများပါဝင်ရန်
လိုအပ်ကြောင်း ကုလအထူး ကိုယ်စားလှယ်မှတဆင့် သတင်းထုတ်ပြန်မှုကို
ထောက်ခံသဖြင့် ယခုကဲ့သို့ ဖမ်းဆီးနေခြင်း ဖြစ်သည်။
“နိုင်ငွေသိန်းကို
မနေ့ကနေ့လည်ပိုင်းမှာ ရဲသတင်းအထူးစုံစမ်းရေးအဖွဲ့(SB) နဲ့ ပြည်ထဲရေး
အဖွဲ့တွေက လာခေါ်သွားတယ်၊ နိုင်ထွန်းသိမ်းကိုလည်း စောင့်ကြည့်နေတယ်၊
တိုင်းရင်းသား တွေ ထုတ်ပြန်ကြေညာချက်ထုတ်တာဟာ နိုင်ငွေသိန်းအိမ်မှာပါ၊
ဒါကြောင့် သူ့ကို စစ်ဆေးဖို့ ခေါ်သွားတာပါ၊ သူက အသက် (၈၅) နှစ်ရှိပြီ၊
တိုင်းရင်းသားပါတီ ၁၂ ပါတီက ထောက်ခံချက် ထုတ်တော့ (နအဖ)
အခံရခက်သွားပုံရတယ်” ဟု တိုင်းရင်းသားလူမျိုးများကောင်စီ(ENC)
သတင်းပြန်ကြားရေးဌာနက ဆိုသည်။
စစ်အစိုးရက
(CRPP)ခေါင်းဆောင် ဦးအေးသာအောင်နှင့်အတူ ဦးအုံးတင်၊
ဦးခွန်ထူးတို့အား ဖမ်းဆီးခဲ့ပြီး ဦးအေးသာအောင်အား ပြန်လွှတ်ပေးကာ
ယမန်နေ့ည (၉) နာရီတွင် ဦးအုံးတင်နှင့် ဦးခွန်ထူးတို့ကို
ပြန်လည်လွှတ်ပေးလိုက်သည်။
စစ်အစိုးရက
ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်များကို ကန့်ကွက်ကြောင်း
တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ပါတီများအား ပြောဆိုခဲ့ပြီးနောက်
စစ်အစိုးရသတင်းစာများတွင် အဆိုပါ သတင်းများကို ဖော်ပြထားခဲ့သည်။
ကုလသမဂ္ဂ၏
အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပြီး
သူ၏ခရီးစဉ်အား ကုလအတွင်းရေးမှူးထံ အစီရင်ခံတင်ပြခဲ့ပြီးနောက်
ယခုကဲ့သို့ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်များကို
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်း
“ဦးထောင်ခိုထန်းကတော့ တမူးအိမ်ပြန်သွားလို့ အဖမ်းမခံလိုက်ရဘူး၊
ဦးပူကျင့်ရှင်းထန်ကို လည်း ဖမ်းထားတုန်းပဲ၊ ဒီနေ့ပဲ ဆေးဝါးတွေ
အိမ်ကိုတောင်းလို့ အိမ်ကပို့ပေးလိုက်တယ်”ဟု (ENC)က ဆိုသည်။
စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးမည်ဟု တဖက်မှ ပြောဆိုနေသော်လည်း နိုင်ငံတွင်း
ဖမ်းဆီးမှုများကို ဆက်လက်ပြုလုပ်လျှက်ရှိပြီး တွေ့ဆုံ ဆွေးနွေးရေးအတွက်
အရေးပါသည့် တိုင်းရင်းသားကိုယ်စားလှယ်များကို ထပ်မံဖမ်းဆီးမှုများ၊
မေးမြန်းမှုများ ပြုလုပ်လျှက်ရှိသည်။
ယခုလ (၁၆)
ရက်နေ့ကလည်း စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီက
ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်ကို ၎င်းတို့အနေဖြင့် မူအရ
ထောက်ခံကြောင်း သဘောထားဖော်ထုတ်ခဲ့သည်။
နောက်ဆုံးရရှိသည့် သတင်းအရ နိုင်ငွေသိန်းအား ၂ နာရီခန့်
စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။ |