Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဗထူး။ နိုဝင်ဘာ ၉၊ ၂၀၀၇ 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့ဝင်နှစ်ဦးကို စစ်အစိုးရက ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။ 

စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် သံဃာတော်များလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ပြည်မြို့မှ (HRDP)အဖွဲ့ဝင်နှစ်ဦးအား စစ်အစိုးရမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“ပြည်မြို့နယ်တရားသူကြီး ဦးမောင်မောင်က ထောင်ဒဏ် ၂ နှစ်စီချတာ၊ ပြည်က သံဃာတပါး ဖြစ်တဲ့ အရှင် ဦးပဏ္ဍိတကိုလည်း ထောင် ၂ နှစ်ချလိုက်တယ်၊ ပြီးခဲ့တဲ့ (၇) ရက်နေ့က အမိန့်ချ တာ”ဟု မြို့ခံတဦးက ဆိုသည်။ 

ယခုထောင်ဒဏ်ကျခံရသူများမှာ လူ့အခွင့်အရေးလုပ်ငန်းများကို ပြည်မြို့နယ်အတွင်း ဆောင်ရွက်လုပ်ကိုင်နေသူများဖြစ်သည့် ကိုဇော်ထွန်းနှင့် ကိုသက်ဦးတို့ဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) ဆူပူအောင်လှုပ်ဆော်မှုဖြင့် ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။ 

စစ်အစိုးရက စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် သံဃာနှင့် လူထုလှုပ်ရှားမှုအား အကြမ်း ဖက် ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူနှင့် သံဃာများအား ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး အချို့အား ပြန်လည်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးပါတီအဖွဲ့ဝင်များ၊ ကျောင်းသားများနှင့် ရဟန်းသံဃာများအား ထောင်ဒဏ်အပြစ်ပေးမှုများ ပြုလုပ်ခဲ့သည်။ 

စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအား ဆက်လက်ပြုလုပ်မည်ဟု ကျောင်းသားနှင့် ရဟန်း သံဃာများက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း ယမန်နေ့ကလည်း ရန်ကုန်မြို့ အနှံ့အပြားတွင် စစ်တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးများ ချထားခဲ့သည်။ 

“မနေ့က (၈) နာရီလောက်မှာ မောင်ခိုင်လမ်းနဲ့ မဟာဗန္ဓုလ လမ်းဒေါင့်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို ကာတွန်းဆွဲပြီး ကပ်ထားတာကို ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက ပုံတွေကို မခွာပဲနဲ့ စောင့်ကြည့်နေတာ တွေ့တယ်။ သမိုင်းလမ်းဆုံဘက်မှာတော့ စစ်တပ်နဲ့ လုံထိန်းတွေ တင်ထား တဲ့ ထရပ်ကားတွေကို တွေ့နေရတယ်”ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။ 

သံဃာတော်များနှင့် ပြည်သူမျာလှုပ်ရှားမှုအတွင်း နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချလျှက်ရှိရာ နိုင်ငံအနှံ့အပြားမှ (HRDP)အဖွဲ့ဝင်များအား ၂၀၀၆ ခုနှစ်အတွင်းတွင် ဖမ်းဆီးခဲ့ရာ ၁၆ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု (HRDP)အဖွဲ့က ဆိုသည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org