Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကျောင်းသားတပ်မတော် (၁၉)နှစ်မြောက်အခမ်းအနား ကျင်းပ

ရိုးမ ၃။ နိုဝင်ဘာ ၁၊ ၂၀၀၇ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)၏ (၁၉)နှစ်မြောက် မွေးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဒီကနေ့ ကျင်းပခဲ့ သည်။  

“လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ကြိုးပမ်းပေါင်းစပ်ကြ” ဟု စာတမ်းရေးထိုးထားသည့် အဆိုပါ အခမ်းအနားတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် စက်တင်ဘာအရေးအခင်းတွင် ကျဆုံးသွားခဲ့သော ရဟန်းရှင်လူ ပြည်သူများနှင့် ဒီမိုကရေစီ တိုက်ပွဲတလျှောက်တွင် အသက်ပေးဆပ်သွားခဲ့ကြသော အာဇာနည်ရဲဘော်အပေါင်းအား ရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပွဲကိုပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

“(မကဒတ)ဟာ လူထုတိုက်ပွဲတွေကို ဘက်ပေါင်းစုံအရှိန်မြှင့်ပြီးတော့မှ ဆက်လက်ကြိုးစားသွား မယ်ဆိုတာ ကျနော်တို့ ဒီနေရာမှာ ပြောချင်ပါတယ်။ ဒီတိုက်ပွဲ ဆက်လက်ဆင်နွှဲမယ်ဆိုရင် လူထု တိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲအပါအ၀င် တိုက်ပွဲပေါင်းစုံ ဆက်လက်တိုက်ပွဲဝင်ဖို့လိုတယ် ဆိုတာ ဒီနေရာမှာ အခိုင်အမာ ပြောလိုပါတယ်။ ဒီတိုက်ပွဲတွေထဲမှာ ပြည်သူအားလုံး၊ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံး ပိုင်းပိုင်းဖြတ်ဖြတ်နဲ့ ဆက်လက်တိုက်ပွဲဝင်စေချင်ပါတယ်။ ဒါကို အလေးအနက် တောင်းဆိုပါတယ်။ ကျနော်တို့အနေနဲ့ တက်တက်ကြွကြွနဲ့ ဆက်လက် တိုက်ပွဲ ဝင်သွားမယ်ဆိုတာကို ရဲဘော်တွေကိုယ်စား ကတိပြုပါတယ်” ဟု ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။   

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ တိုက်ပွဲလိုအပ်ချက်အရ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကျောင်းသားတပ်မတော်သည် ယနေ့အချိန်တွင် (၁၉) နှစ်တင်းတင်း ပြည့်မြောက်ပြီး (၁၉)နှစ်တာကာလအတွင်း ကျဆုံးရဲဘော် ၃၄၄ ဦး၊ သေဆုံးရဲဘော် ၂၅၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၉၅ ဦး ရှိပြီဖြစ်ကြောင်း (မကဒတ)ဥက္ကဋ္ဌ ရဲဘော်သံခဲက ဆက်လက်ပြောဆိုသည်။  

အခမ်းအနားသို့ ကေအဲန်ယူအပါအဝင် နယ်စပ်အခြေစိုက် အဖွဲ့အစည်းများနှင့် တပ်ပေါင်းစုများမှ မွေးနေ့သဝဏ်လွှာများ ပေးပို့ကြကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရဲဘော်များ၊ ဒီမိုကရေစီချစ်မြတ်နိုးသူများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။  

“ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများ လုံးဝဆိတ်သုဉ်းနေသည့် အခြေအနေအောက်တွင် လူထုတိုက်ပွဲကို ဘက်ပေါင်းစုံမှ ထောက်ခံပူးပေါင်းရင်း စစ်အာဏာရှင်အား လက်နက်ကိုင် တိုက်ပွဲအပါအဝင် တိုက်ပွဲသဏ္ဌာန်ပေါင်းစုံဖြင့် တိုက်ပွဲဝင်ရေးမှာ ပကတိ လိုအပ်ချက်ဖြစ်သည် ကို မြန်မာ့နိုင်ငံရေးအခြေအနေက အခိုင်အမာတောင်းဆိုနေသည်” ဟု ကျောင်းသားတပ်မတော် (၁၉)နှစ်မြောက် ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org