|
ကျောင်းအတွက် ချထားပေးသည့်ငွေကို
(ရယက)ဥက္ကဋ္ဌက အလွဲသုံးစားလုပ်
ဗထူး။ မေ
၁၉၊ ၂၀၀၇

ပညာရေးဝန်ကြီးဌာနမှ ကျေးရွာမူလတန်းကျောင်းဟောင်း ပြန်လည်တည်ဆောက်ရန်
ချထား ပေးသည့်ငွေကို ကျေးရွာ(ရယက)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက
အလွဲသုံးစားပြုလုပ်နေသည်။
ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်၊ ဗန်းမော်အစုကြီးကျေးရွာ
မူလတန်းကျောင်းဟောင်း ပြန်လည် ပြုပြင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ
ချထားပေးသော ကျပ်ငွေ သိန်းသုံးဆယ်ကို ကျေးရွာ အာဏာပိုင်များက
အလွဲသုံးစားပြုလုပ်နေခြင်းဖြစ်သည်။
ဝါးခယ်မမြို့နယ်ရှိ ကျေးရွာမူလတန်းကျောင်းဟောင်းများမှာ
ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်းများဖြစ်ပြီး ကျေးရွာလိုအပ်ချက်အရ
ကျောင်းသစ်ဆောက်ခွင့်မရဘဲ ကျောင်းဟောင်းများ ပြုပြင်ရန်အတွက်
ကိုယ်ထူကိုယ်ထစနစ်ဖြင့် အခြေခံအဆောက်အဦးကို ကျေးရွာသားများက
ကျခံပြုလုပ်နေရသည်။
“အခြေခံကျောင်းအဆောက်အအုံကို
ဆောက်ပြီးမှ ဓါတ်ပုံရိုက်ပြီး အဆင့်ဆင့် ပညာရေးဌာန တွေကို တင်ရတယ်၊
အဲ့ဒီကမှ ၀န်ကြီးအဆင့်ဆင့်ကို တင်ပြီး ထောက်ပံ့ကြေးတောင်းရတာလေ၊
ကျနော်တို့ရွာကျောင်းလေးက ၂၀၀၆ ခုနှစ်ကတည်းက အခြေခံပိုင်း ပြီးသွားပြီ။
ပညာရေးဝန်ကြီး ကို တင်လို့ သိန်း ၃၀ ချပေးတယ်။ ဒီငွေလည်း
သက်ဆိုင်ရာဌာနတွေ ပေးရတာနဲ့ ၅ သိန်း လောက် ကုန်သွားပြီ” ဟု
ဗန်းမော်ကြီးကျေးရွာနေသူတဦးက ပြောသည်။
အမှန်တကယ်
ကျောင်းပြီးစီးသည်အထိ ကုန်ကျမည့်ငွေမှာ သိန်း (၇၀) ဖြစ်ပြီး
ဝန်ကြီးဌာနမှ ချပေးသော လက်ကျန်ငွေဖြင့် (ရယက)ဥက္ကဋ္ဌ ဦးဌေးဝင်းသန်း၊
အဖွဲ့ဝင် (၁) ကိုသိန်းဝင်း၊ ဆယ်အိမ်မှူး ကျော်သိန်းတို့မှ
ကျေးရွာအုပ်စုအလိုက် “ဖွံ့ဖြိုးရေး” ဟုဆိုကာ ကျေးရွာလမ်း
ပြုပြင်ဖောက်လုပ်ရာတွင် တနေ့လျှင် ၅ ယောက်နှုန်းဖြင့်
လုပ်အားပေးခိုင်းစေနေပြီး လုပ်အား ပေး မလိုက်ပါက ဒဏ်ငွေ ၅၀၀ ပေးရမည်ဟု
အမိန့်ထုတ်ထားကြောင်း ဆက်လက်ပြော ဆိုသည်။
“လေးလပိုင်းအစကတည်းက ခေါ်ခိုင်းနေတာ၊ လိုအပ်ရင် (၁၅) ယောက်အထိ
လုပ်အားပေးနေ ရတယ်၊ (ရယက)ဥက္ကဋ္ဌက ရွာသားတယောက်ကို တနေ့ (၁,၀၀၀)
ပေးရတယ်ဆိုပြီး စာရင်း လိမ်တင်နေတယ်။ ရွာသားတွေလည်း မရဘူး၊ နေ့တိုင်း
(ရယက)အဖွဲ့တွေ ထန်းရည်ဆိုင်၊ အရက်ဆိုင်တွေမှာ မူးရူးနေတာပဲ။ အဖွဲ့ဝင်
ဦးသိန်းဝင်းကလည်း သိန်း ၇၀ လောက်ကုန်မဲ့ ကျောင်းအတွက်
စားစရာတောင်မရှိတဲ့ ရွာသားတွေဆီက ငွေထပ်ကောက်ဖို့ လုပ်နေတယ်”ဟု
ဒေသခံတဦးက ဆိုသည်။
စစ်အစိုးရအနေဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း တိုင်းပြည်၏ ကဏ္ဍအသီးသီး၌
ဖွံ့ဖြိုးတိုးတက်နေပါ သည်ဟုဆိုကာ ကိန်းကဏန်းများဖြင့် ဖော်ပြနေသော်လည်း
လက်တွေ့ပညာရေးကဏ္ဍတွင် ကျောင်းစရိတ်ကြီးမြင့်မှု၊ စာရေးကရိယာများ
ဈေးနှုန်းမြင့်တက်နေမှုတို့ကြောင့် နိုင်ငံအနှံ့ ပညာ သင်ကြားနိုင်သူ
အရေအတွက် လျှော့ကျလာသည့်အပြင် ယခုကဲ့သို့ ၀န်ထမ်းများနှင့် အာဏာပိုင်
အဆင့်ဆင့်တို့၏ လာဘ်စားမှုများ၊ မလုံလောက်သည့် ထောက်ပံ့ကြေးများ
ချထားခဲ့ခြင်းကြောင့် ဒေသခံပြည်သူအများစုမှာ
စီးပွားရေးကြပ်တည်းမှုဒဏ်နှင့်အတူ အမျိုးမျိုးသော အခွန် အကောက်များ၊
အဓမ္မလုပ်အားပေးခိုင်းစေမှုများကို နေ့စဉ်ရင်ဆိုင်နေရသည်။ |