|
နိုင်ငံအနာဂတ်အရေးအတွက်ဖြစ်၍ စစ်အစိုးက
အကြောင်းပြန်မည်ဟု မျှော်လင့်ကြောင်းပြော
ဗထူး။ မေ
၁၆၊ ၂၀၀၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စစ်အစိုးရခေါင်းဆောင်ထံ
ပေးပို့ခဲ့သည့် စာမှာ နိုင်ငံအနာဂတ် အရေးအတွက် တင်ပြထားသည်ဖြစ်၍
စစ်အစိုးရမှ အကြောင်းပြန်မည်ဟုမျှော်လင့်ကြောင်း (NLD)ပါတီ
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။
မကြာမီ
နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်မြောက်တော့မည်ဖြစ်သည့် (NLD) ပါတီ
အထွေထွေအတွင်းရေးမှူး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ယခုလ (၁၀)ရက်နေ့တွင် (NLD)က
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ
စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။
အထူးကြေညာချက် (၅/၀၅/၀၇) ဖြင့် (NLD)၏ ထုတ်ပြန်ချက်တွင်
အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရေး၊
တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်များဖြင့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ်
တည်ထောင်နိုင်ရန် ကျိုးပမ်းဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို လူတစုက
တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်ခံရသော ပုဂ္ဂိုလ်အား
ဖမ်းဆီးထားခြင်း သည် ဥပဒေနှင့်မညီညွတ်ကြောင်း ဖော်ပြထားသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပဲယင်းအရေးအခင်းပြီးတော့
တိုက်ခိုက်ခြင်းလည်းခံရတယ်။ ဘာမှ ပြစ်မှုမကျူးလွန်ပဲနဲ့ သူတို့
ထိန်းသိမ်းထားတာ အချိန်လည်း ကြံ့ကြာနေပြီ။ ပြန်လွှတ်ပေး သင့်တဲ့
အချိန်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးအတွက်
နိုင်ငံရေးအရ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်
အမြန်ဆုံးလွှတ်ပေးပါဆိုပြီးတော့ အဲဒီလို အကြောင်းကြားထားတာပါ”ဟု
(NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုသည်။
၂၀၀၃
ခုနှစ်၊ မေလ (၃၀)ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊
ကျည်ရွာအနီးတွင် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သော
ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) ပါတီဝင် များအား အာဏာပိုင်များက
လူစုလူဝေးဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်း
စုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် (NLD)ပါတီအပါအ၀င်
အတိုက်အခံအင်အားစုများက မြန်မာ့ နိုင်ငံရေးပြဿနာအား
တွေ့ဆုံဆွေးနွေးရေးနည်လမ်းဖြင့် အဖြေရှာကာ အမျိုးသားပြန်လည်
သင့်မြတ်ရေးကို တည်ဆောက်ရန် စစ်အစိုးရအား အစဉ်တစိုက်
တောင်းဆိုခဲ့သော်လည်း နိုင်ငံရေးအရ လှုပ်ရှားသူများကို
အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းများကို
စစ်အစိုးရ အာဏာပိုင်များက တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။
ကုလသမဂ္ဂ၏
လူ့အခွင့်အရေးကြေညာချက် စာတမ်းပါအချက်များကို ပြည်သူအများသိစေရန်
ဆောင်ရွက်နေသော လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ(HRDP)
အဖွဲ့ဝင်များကို ပြီးခဲ့သည့်လ (၁၈)ရက်နေ့က ဧရာဝတီတိုင်း၊
ဟင်္သာတမြို့နယ်၊ အုတ်ပုံရွာအနီးတွင် အာဏာပိုင် များက အကြမ်းဖက်
တိုက်ခိုက်ခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့်
အဖွဲ့ဝင်အချို့နှင့် ပြည်သူတို့ကို အာဏာပိုင်များက အာမခံမပေးဘဲ
အမှုရင်ဆိုင်စဉ် ချုပ်နှောင်ခဲ့သည်။
“တရားဥပဒေစိုးမိုးမှုကတော့ မကောင်းဘူး၊ ဘာဖြစ်လို့လဲဆိုတော့
အပြစ်ကျူးလွန်တဲ့လူတွေက တရားခံမဖြစ်ဘူး။ ခံရတဲ့လူတွေက တရားခံဖြစ်တယ်။
အဲဒါကိုက တရားဥပဒေစိုးမိုးမှုမရှိဘူးလို့ ကျွန်တော်တို့ ဒီလိုပြောရင်
ရပါတယ်”ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
ယမန်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေး အတွက် ၀တ်ပြုဆုတောင်းရန် ထွက်ခွာလာကြသော (NLD)ပါတီဝင်၊
လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအပါအ၀င် (၃၁)ဦးကို အာဏာပိုင်များက
အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။
ယမန်နေ့က
အဖြစ်အပျက်တွင် အရပ်ဝတ် ၀တ်ဆင်ထားသည့် ရဲနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက
သူတို့ကိုယ်သူတို့ ပြည်သူဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍
ဦးဥာဏ်ဝင်းက “ကျွန်တော် တို့ တွေ့ရှိရတဲ့ ပြည်သူလူထုအမြင်ကတော့ ဒါဟာ
လိမ်လည်ပြီးတော့ ပြည်သူတွေလို့ ပြောနေ တာကို လူထုက
ကောင်းကောင်းသိပါတယ်”ဟု ဆိုသည်။
တိုင်းပြည်၏အနာဂတ်အရေးသည် အမျိုးသားရင်ကြားစေ့ရေးသာဖြစ်ပြီး
အခြားနည်းလမ်းများ မှာ ယာယီသာဖြစ်ပြီး ငြိမ်းချမ်း၍
ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည်ထူထောင်၍မရနိုင်ကြောင်း (NLD)အနေဖြင့်
အမျိုးသားရင်ကြားစေ့ရေးသာလျှင် တိုင်းပြည်တည်ဆောက်ရေးအတွက်
အကောင်းဆုံးဖြစ်သည်ကို ယုံကြည်၍ စစ်အစိုးရခေါင်းဆောင်ထံ
စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။ |