|
ပြည်သူအပေါ်
ဖိနှိပ်ချုပ်ချယ်မှုအများဆုံးနိုင်ငံများတွင် မြန်မာပါဝင်
ဉာဏ်မောင်။
မေ ၉၊ ၂၀၀၇
ကမ္ဘာပေါ်တွင်
ဖိနှိပ်ချုပ်ချယ်မှုအများဆုံးနိုင်ငံ (၇)နိုင်ငံအနက်
မြန်မာနိုင်ငံလည်းပါဝင်ကြောင်း (Freedom House)
လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောဆိုလိုက်သည်။
ယခုလ (၁၇)
ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် အဖွဲ့ဝင်အသစ် (၁၄)နိုင်ငံ
ကို ရွေးချယ်သည့်အခါ အရည်အချင်းမပြည်မှီသည့် နိုင်ငံများကို
ကန့်ကွက်ရန် ကမ္ဘာတွင် ထင်ရှားသည့် ကုလသမဂ္ဂစောင့်ကြည့်အဖွဲ့(UN Watch)
နှင့် လွတ်မြောက်ရေးအဖွဲ့ (Freedom House) တို့က ယမန်နေ့က
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အင်ဂိုလာ၊
ဘဲလာရု၊ အီဂျစ်နှင့် ကာတာတို့သည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ
အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သော လူ့အခွင့်အရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ်
ပါဝင်ရန် အရည် အချင်းမမှီကြောင်း အဆိုပါနှစ်ဖွဲ့က ဆိုသည်။
လူ့အခွင့်အရေးကောင်စီ (၁၄)နေရာအတွက် အဖွဲ့ဝင်နိုင်ငံ (၁၅)နိုင်ငံ
ပါဝင်ယှည်ပြိုင်နေကြရာ ဒေသဆိုင်ရာ ပထ၀ီအနေအထားကို အခြေခံ၍
ရွေးချယ်ခံမည့် ကိုယ်စားလှယ်များသည် နိုင်ငံရေးအခွင့်အရေးနှင့်
နိုင်ငံရေး လွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး
ကိစ္စများကို ကုလသမဂ္ဂတွင် မြှင့်တင်ဆောင်ရွက်နိုင်သည့်
အရည်အချင်းမှတ်ကျောက်များဖြင့် ရွေးချယ်ကြရန် (UN Watch) အကြီးအကဲ
ဟီလယ်နျူယာက တိုက်တွန်းလိုက်သည်။
၎င်းထုတ်ပြန်ချက်တွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဒိန်းမတ်၊
နယ်သာလန်နှင့် ဆလိုဗေး နီယားနိုင်ငံတို့သည် အရည်အချင်းပြည့်မှီကြပြီး
ဘိုလီဗီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက်ဒါဂက်(စ်)ကား၊ နီကာရာဂွာ၊
ဖိလစ်ပိုင်နှင့် တောင်အာဖရိက နိုင်ငံတို့သည် အသင့်အတင့်ရှိသည်ဟု
ဆိုသည်။
ကမ္ဘာပေါ်တွင်
ပြည်သူအပေါ် ဖိနှိပ်ချုပ်ချယ်မှုအများဆုံး နိုင်ငံများအဖြစ် မြန်မာ၊
ကျူးဘား၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆိုမားလီးယား၊ တာခ်မင်နစ်စတန်နှင့်
ဥဇဘက်ကစ်စတန်နိုင်ငံ တို့အား သတ်မှတ်ခဲ့ပြီး ဘီလာရုစ်၊တရုတ်၊
အိုင်ဗရီကော့၊ အပူပိုင်းဂီနီ၊ အီရစ်ထရီးယား၊ လော၊ ဆော်ဒီအာရေးဗီးယား၊
ဆီးရီးယားနှင့် ဇင်ဘာဘွေတို့သည်လည်း ဖိနှိပ်ချုပ်ချယ်မှုအများဆုံး (၇)
နိုင်ငံနီးပါးရှိသည်ဟု ဆိုသည်။
ကုလသမဂ္ဂနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့များ ပြုပြင်ပြောင်းလဲရေးအတွက်
ယခင် အတွင်းရေးမှူးချုပ် ကိုဖီအာနန်လက်ထက်တွင် တင်ပြခဲ့ရာ
လူ့အခွင့်အရေးကော်မရှင်အစား လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ခွင့်များ
ထိရောက်စွာ ချမှတ်နိုင်မည့် လူ့အခွင့်အရေးကော်မတီတရပ်ကို
ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ |