|
ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု
ထိုင်း-မြန်မာနယ်စပ်တွင်စတင်
ရိုးမ ၃။ မေ
၃၀၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးလှုပ်ရှားမှုကို ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ယနေ့
စတင်လိုက်သည်။
ထိုင်း-မြန်မာနယ်စပ်ဒေသတွင် အခြေစိုက်သည့် အဖွဲ့အစည်းပေါင်းစုံမှ
အဖွဲ့ဝင်ကိုယ်စားလှယ် များ စုပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ကော်မတီတရပ်ကို ယခုလ
(၂၃)ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့ လှုပ်ရှားမှုကို
စတင်လိုက်ခြင်းဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုစတင်သည့်အခမ်းအနားသို့ လူအင်အား (၆၀)ကျော် တက်ရောက်ခဲ့ပြီး ယနေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော
ဇွန်လ (၁၉)ရက်နေ့ထိ ပြုလုပ်မည့် လှုပ်ရှားမှုတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ကလေးငယ်များအား အဟာရကျွေးမွေးခြင်း၊ သွေးလှူဒါန်းခြင်းနှင့်
လက်မှတ်ရေးထိုး တောင်းဆိုခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။
လှုပ်ရှားမှုကော်မတီက ယနေ့တွင် ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ရာ
မြန်မာပြည်၏ အဓိကပြဿနာမှာ
အမျိုးသားများအချင်းချင်း ဖြစ်ပွားနေသည့် ပြဿနာဖြစ်ပြီး
မည်သည့် ပြည်ပစွက်ဖက်မှုပြဿနာ မဟုတ်ကြောင်း၊
တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်နေသည့် (နအဖ) စစ်အုပ်စု၏
ငါတကောကောနေသည့် ပြဿနာသာဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့်
တိုင်းပြည်အတွင်းဖြစ်ပေါ်နေသည့် တင်းမာမှုများကို ပြေလျှော့စေရန်အတွက်
တွေ့ဆုံ ဆွေးနွေးရေးဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရန်
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး နှင့်
ဦးစိုင်းညွှန့်လွင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား
ချွင်းချက်မရှိ လွှတ်ပေးခြင်းဖြင့် အစပြုရမည်ဟု ဖော်ပြထားသည်။
အခမ်းအနားတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မြို့ (NLD)ပါတီဌာနချုပ်ရှေ့တွင် ပြောကြားသည့် ကိုမင်းကိုနိုင်မိန့်ခွန်းနှင့်
မြန်မာပြည်တွင်းမှ
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုဓါတ်ပုံများ
ပါဝင်သည့် လက်ကမ်းစာစောင်နှင့်
အဝါရောင်ဖဲပြားရင်ထိုးများကိုလည်း
ကော်မတီက ဖြန့်ဝေခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ
နိုင်ငံရေးအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့်
အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ စုပေါင်းကာ
ထိုစဉ်ကဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ
မြန်မာနိုင်ငံသား (၅၃,၀၀၀)ထံမှ လက်မှတ်များ စုဆောင်းရရှိ ခဲ့သည်။
|