Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းကို စစ်အစိုးရက ခုခံပြောဆို

ဉာဏ်မောင်။ မေ ၃၀၊ ၂၀၀၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း တနှစ် တိုးမြှင့်လိုက်ခြင်းကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည်ဟု စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးက ငြင်းချက်ထုတ် ခုခံပြောဆိုလိုက်သည်။

ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကျင်းပနေသော (၄၃)ကြိမ်မြောက် အာရှ-ဥရောပ(ASEM) အစည်းအဝေးသို့ တက်ရောက်နေသည့် စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးအား ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုချက်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏  နေအိမ်အကျယ်ချုပ်သက်တမ်း တိုးမြှင့်သည့်လုပ်ရပ် ဖြင့် တုံ့ပြန်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံတကာအစည်းအဝေးတွင် ၀န်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုခြင်းဖြစ်သည်။  

“နိုင်ငံခြားရေးဝန်ကြီးက စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်း ထားသည့်ကိစ္စကို ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရကြောင်း၊ တဖက်က နိုင်ငံရေးတည်ငြိမ်မှုအတွက် စိုးရိမ် နေရပြီး အခြားတဖက်က နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ငြိုငြင်မှုကိုလည်း စိုးရိမ်နေရသည်”ဟု ပြောခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။  

နေအိမ်အကျယ်ချုပ်သက်တမ်း (၄)နှစ်ပြည့်သည့် ယခုလ (၂၇) ရက်နေ့မတိုင်မီ နှစ်ရက်အလို တွင် ဖိအားပေးတောင်းဆိုမှုများကြားမှ သူမအား နေအိမ်အကျယ်ချုပ်သက်တမ်း တိုးမြှင့်လိုက် ခြင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရ၏လုပ်ရပ်ကို များစွာ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ပြောဆိုလိုက်ပြီး  သူ၏ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီကိုလည်း မကြာမီ မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။  

မြန်မာစစ်အစိုးရအနေဖြင့်  ဆင်းရဲတွင်းနက်နေသော တိုင်းပြည်အတွက် သင့်တော်သော ရေရှည်ဆုံးဖြတ်ချက်တခုကို ဖန်တီးခဲ့လျှင် အထူးလိုအပ်လျှက်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ရရှိ နိုင်မည်ဖြစ်ပြီး လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသည့် အခြေခံဥပဒေရေးဆွဲရာတွင် တိကျသည့် အချိန်ဇယားသတ်မှတ်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက  စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးအား တောင်းဆိုခဲ့သည်။  

ယမန်နေ့ကလည်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မြန်မာ စစ်အစိုးရအနေနှင့် ၎င်းတို့၏ ဒီမိုကရေစီဖော်ဆောင်ရေး လမ်းပြမြေပုံကို အကောင်အထည်ဖော် နေသည်ဟု ပြောဆိုထားသော်လည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားများကို လွှတ်ရန် နှောင့်နှေးနေခြင်းသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေ စီ ဖော်ဆောင်ရေးကို အမှန်တကယ်လုပ်ချင်သည့် ဆန္ဒမရှိကြောင်းကို ပြသနေခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ရိုမူလိုက ပြောသည်။

(၁၇)နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က ထုတ်ပြန်ကြေ ညာချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် တိုင်းရင်သားလူမျိုးများ ယုံကြည်မှုကို ရရှိနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးကို ကနဦး စတင်ဖော်ဆောင် ခဲ့သူ၊ နိုင်ငံရေးအရ အပေးအယူလုပ်၍ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူကို ချုပ်နှောင်ထားခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြကာ  ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် စစ်အစိုးရထံ တောင်းဆိုခဲ့သည်။  

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် အေးချမ်းစွာ ၀တ်ပြုဆုတောင်းသူများအပါအ၀င် နည်းမျိုးစုံဖြင့် အခွင့်အရေးတောင်းဆို သူများကို ယခုလအတွင်း အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခြင်းများကို ပြုလုပ်လျှက်ရှိရာ မေလ (၁) ရက်နေ့မှ မေလ (၂၇) ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူမှာ (၇၅)ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org