|
ရွေးကောက်ပွဲအခမ်းအနား
(NLD)ဌာနချုပ်တွင် ကျင်းပ အခမ်းအနားအပြီးတွင် ဘုရားပေါ်တက်ရောက်ခွင့်ကို
အာဏာပိုင်တို့ပိတ်ပင်
ဗထူး။ မေ
၂၇၊ ၂၀၀၇

ယနေ့ကျရောက်သော (၁၇)နှစ်မြောက် ရွေးကောက်ပွဲနေ့အခမ်းအနားကို ရန်ကုန်ရှိ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ပြီး
အခမ်းအနားအပြီး ဘုရားပေါ် တက်ရောက်ဝတ်ပြုဆုတောင်းမည့် အစီအစဉ်ကို
အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။
၁၉၉၀
ခုနှစ်က (န၀တ)စစ်အစိုးရလက်ထက်တွင် ကျင်းပပေးခဲ့သော ရွေးကောက်ပွဲတွင်
မဲအပြတ်အသတ်နှင့် တပြည်လုံးအတိုင်းအတာဖြင့် အနိုင်ရခဲ့သည့်
နှစ်ပတ်လည်နေ့ကို စစ်အုပ်ချုပ်ရေးအောက်တွင် (NLD)ပါတီက
ကျင်းပခဲ့ခြင်းဖြစ်သည်။
ယနေ့အခမ်းအနားသို့ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊
ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊
ပါတီဝင်များနှင့် ပြည်သူပရိသတ် (၁,၀၀၀) ကျော် တက်ရောက် ခဲ့ပြီး (NLD)ပါတီက
ကြေညာချက် (၂) စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်
(၂) စောင်မှာ အခမ်းအနားနှင့် ပတ်သက်သည့် (NLD)ပါတီ၏
သဘောထားကြေညာချက်တစောင်နှင့် ဒေါ်အောင်ဆန်းစုကြည်အား
နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမြှင့်လိုက်သည့်ကိစ္စနှင့် ပတ်သက်သည့်
သဘောထားကြေညာချက်တို့ဖြစ်သည်။
ယနေ့ကျင်းပသည့် (NLD)ပါတီအခမ်းအနားသို့ လာရောက်သူများထဲမှ
ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ်မှ လာရောက်သည့် (မြောင်းမြ)ဗဆွေနှင့်
ပါတီဝင်များကို အာဏာပိုင်များက မှတ်ပုံတင် စစ်ဆေးကာ
အချိန်ကြန့်ကြာအောင် အနှောင့်အယှက်ပေးခဲ့သည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက ပြောသည်။
အခမ်းအနားကျင်းပပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ပရိသတ်က
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ဝတ်ပြု ဆုတောင်းရန် ရွှေတိဂုံစေတီပေါ်သို့ သွားရောက်စဉ် အာဏာပိုင်များက
တားဆီးခဲ့သဖြင့် (NLD)ပါတီရုံးရှေ့မှပင် ၀တ်ပြုဆုတောင်းခဲ့ရသည်ဟု
ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။
အင်အား
(၃၀၀)ခန့်ရှိသည့် အရပ်ဝတ် ၀တ်ထားသည့် အာဏာပိုင်များက
‘ပြည်သူ’ ဟု
လိမ်လည်ကာ တားဆီးခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများက
တာဝန်အရလုပ်ဆောင်ရသည့်
၎င်းတို့၏တားမြစ်ချက်ကို နားလည်ကြောင်း
အေးချမ်းစွာဖြေရှင်းနေစဉ် အာဏာပိုင်များက
ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့သည်။
“ကျနော်တို့ဘက်ကနေပြီးတော့ ပြေလည်အောင်ရှင်းမယ်။ ခင်ဗျားတို့နဲ့
ကျနော်တို့ မဖြစ်ချင်ဘူး။ ကျနော်တို့ သက်ဆိုင်ရာအာဏာပိုင်တွေကို
ပြောမယ်ဆိုတော့ သူတို့ကိုယ်တိုင်က အာဏာပိုင် ဆိုတော့
ဘာအာဏာပိုင်မှ မလိုဘူးပေါ့ဗျာ။ ငါတို့က ပြည်သူတွေပေါ့၊ မင်းတို့က
ပြည်သူကို ကျော်ပြီးတော့ အာဏာပိုင်ကို အားကိုးတာလား၊ ဘာလား။
ဒါမျိုးတွေလည်း ပါသေးတယ် သူတို့က။ သူတို့က
ဆဲတယ်ဆိုတာကတော့ ကိုကိုကြီးက ဒီပြဿနာကို ကိုင်တွယ်ရှင်းနေတာ၊
ကိုကိုကြီးကို ငါနဲ့ တုတ်တယ်။ စသဖြင့်ပေါ့။ ဒါပေမယ့် ကျနော်တို့က
နားလည်မှုရှိရှိနဲ့ပဲ ကျနော်တို့က သွားလိုက်တယ်လေ” ဟု
အခမ်းအနားတက်ရောက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ
ကိုဂျင်မီက ဆိုသည်။
လာရောက်တားဆီးသူများသည် ဗဟန်းမြို့နယ်အတွင်းမှ
(မယက)၊ (ရယက)လူကြီးများနှင့် အဆိုပါအဖွဲ့ဝင်ဟောင်းများ ပါဝင်ပြီး
ဒိုင်နာကားအမြောက်အများဖြင့် ပိတ်ဆို့ထားကာ စစ်တပ် နှင့် ရဲများက
မမြင်ရသည့်နေရာတွင် စောင့်ကြည့်နေကြောင်း၊ နောက်ပိုင်းတွင် အာဏာပိုင်များ က
၎င်းတို့အား အထက်မှ
ခိုင်းသည်ကိုနားလည်စေချင်ကြောင်း ပြေလည်စွာ ပြောဆိုသဖြင့်
နောက်ပြန်ဆုတ်ခဲ့ကာ (NLD)ရုံးချုပ်ရှေ့တွင်သာ ၀တ်ပြုဆုတောင်းခဲ့သည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့တွင်
၁၉၉၀ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ကို နိုင်ငံအနှံ့အပြားတွင် (NLD)ပါတီဝင်များက ကျင်းပခဲ့ရာ တောင်ကြီးမြို့တွင် ကျင်းပသည့် အခမ်းအနားတွင်
ရဲသတင်းအထူးတပ်ဖွဲ့၊ ကြံ့ဖွံ့ အဖွဲ့ဝင်များနှင့်
လက်နက်ကိုင်ဆောင်ထားသော ရဲများက စောင့်ကြပ်ကြည့်ရှုခဲ့သည်။
တောင်ကြီးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှ စာဖြင့်ဆင့်ခေါ်ကာ
ယမန်နေ့က အခမ်းအနား မကျင်းပရန် တောင်ကြီးမြို့ (NLD)ပါတီကို ပြောဆိုခဲ့သော်လည်း
ယနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
“ကျနော်ဘက်ကဆွေးနွေးတာက ဒါက ကျနော်တို့ပါတီအရေးကိစ္စသာ ဖြစ်တယ်ပေါ့လေ။
ဒီလို (၁၇)နှစ်မြောက် ရွေးကောက်ပွဲအောင်နိုင်မှုအခမ်းအနားဆိုတာက
နေ့ကြီးရက်ကြီးအခမ်းအနား ဖြစ်တဲ့အတွက် ကျနော်တို့ပါတီဘက်ကနေပြီးတော့
ကျနော်တို့က လုပ်ပါမယ်။ လုပ်တဲ့အခါကျ တော့လည်း ကျနော်တို့က
ငြိမ်းချမ်းသော နည်းဖြင့်သာလျှင် ကျင်းပမှာဖြစ်တဲ့အတွက်
ကျနော် တို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်မယ်ဆိုတာကို
အသိပေးတာပဲရှိတယ်။ သူတို့ဆီက ကျနော်တို့ ခွင့်ပြုမိန့်လည်း
မတောင်းပါဘူး။ ခွင့်ပြုမိန့်လည်း မယူပါဘူး” ဟု တောင်ကြီးမြို့ (NLD)ပါတီဝင် ကိုကျော်စိုးက ဆိုသည်။
ယမန်နေ့က ခေါ်ယူဆွေးနွေးသူများမှာ ခရိုင်(ခအဖ)ဥက္ကဋ္ဌ
ဦးထွန်းအောင်၊ မြို့နယ်(မယက)မှ ဦးကျော်စွာနှင့်
မြို့မိမြို့ဖသုံးဦး၊ မြို့နယ်ဆရာဝန်နှင့်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများပါဝင်ကြောင်း ၄င်းက
ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည့် ၁၉၉၀ ခု ရွေးကောက်ပွဲတွင်
မဲအရေအတွက် အပြတ် အသတ်ဖြင့် အမတ်နေရာ (၃၉၂)
နေရာ အနိုင်ရရှိခဲ့သော်လည်း
စစ်အစိုးရက ယခုတိုင် အဆိုပါ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့သည့်အပြင် ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား
နေအိမ်အကျယ်ချုပ်သက်တမ်းကို ပြီးခဲ့သည့် သောကြာနေ့က
တနှစ် ထပ်မံတိုးမြှင့်ခဲ့သည်။ |