|
မီတာတွေ ပြည်သူကိုမပေးဘဲ
ကိုယ်ကျိုးရှာရောင်းစား
ရိုးမ ၃။ မေ
၁၅၊ ၂၀၀၇
ပြည်သူအများ
အသုံးပြုနိုင်ရန်အတွက် ၀န်ကြီးဌာနမှ ချပေးခဲ့သည့် မီတာများကို ရန်ကုန်
အရှေ့ပိုင်း ခရိုင်မြို့နယ်အာဏာပိုင်များက ဈေးနှုန်းမြှင့်တင်ကာ
ကိုယ်ကျိုးအတွက် ရောင်းစား ခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သံလျှင်မြို့နယ် (မယက)ဥက္ကဋ္ဌက
သံလျှင်မြို့နယ်နေ ပြည်သူများ အတွက် လျှပ်စစ်ဌာနမှ ခွဲတမ်းအဖြစ်
ချပေးထားသော မီတာအလုံး (၅၀)ကို သတ်မှတ်ဈေး ထက် မြှင့်တင်ကာ
ကိုယ်ကျိုးအတွက် ရောင်းစားခဲ့ခြင်းဖြစ်သည်။
“(မယက)ဥက္ကဋ္ဌ
ဦးတင်ဌေးနဲ့ အမှုထမ်းရပ်ကွက်က (ရယက)ဥက္ကဋ္ဌ ဦးလှဌေးနဲ့ ရာအိမ်မှူး
ဦးမြင့်သိန်းတို့ ပေါင်းပြီး အစိုးရချပေးတဲ့ ဈေးနှုန်းထက်
သုံးဆလောက်တင်ပြီး မယူနိုင်ရင် အပြင်ကိုရောင်းစားမယ် ပြောပြီးကို
ရောင်းတာ”ဟု အမှုထမ်းရပ်နေ ပြည်သူတဦးက ဆိုသည်။
လျှပ်စစ်ဌာနမှ သတ်မှတ်နှုန်းသည် ကျပ်ငွေ ၅ သောင်းဖြစ်ပြီး
အာဏာပိုင်များက တသိန်းခွဲအထိ ဈေးမြှင့်တင်ရောင်းသည့်အတွက်
စားဝတ်နေရေးမပြေလည်သူ ပြည်သူအများက ၀ယ်ယူနိုင် ခြင်းမရှိကြောင်း ၄င်းက
ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက
ရန်ကုန်အား စီးပွားရေးမြို့တော်အဖြစ် ပြောင်းလဲဖော်ထုတ်ရန်
လုပ်ဆောင်နေပြီး စီးပွားရေးအတွက် အရေးကြီးသည့်
လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ယခင်နှစ်မှစတင်ကာ ရန်ကုန်မြို့တော်
လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သို့သော် စီးပွားရေးအရ
အချက်အခြာကျသည့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုမှာ
အလှည့်ကျဓါတ်အား ရရှိခြင်း ကိုသာ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။
ယခုနှစ်ဖေဖော်ဝါရီလမှစတင်ကာ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီတာများကို
မြို့နယ်အလိုက် ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးလျှက်ရှိရာ
သံလျှင်မြို့နယ် အမှုထမ်းရပ်ကွက်အတွက် ယခုလတွင် ရရှိမည့်မီတာများကို
အာဏာပိုင်များ၏ ကိုယ်ကျိုးရှာရောင်းစားခဲ့ခြင်းကြောင့် ပြည်သူများက
မကျေမနပ်ဖြစ်ခဲ့ရပြီး အလားတူ လျှပ်စစ်မီတာများကို
ကိုယ်ကျိုးရှာရောင်းစားသည့် အာဏာပိုင်များ၏လုပ်ရပ်ကို မြို့နယ်အသီးသီးက
ပြည်သူများ ကြုံတွေ့နေရသည်။ |