Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထိုင်း-မြန်မာနယ်စပ်တွင် မေဒေးနေ့အခမ်းအနားကျင်းပ

ရိုးမ ၃။ မေ ၁၊ ၂၀၀၇

ယနေ့ကျရောက်သည့် (၁၁၇)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့) အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ဒေသတွင် အလုပ်သမားအဖွဲ့များက ဦးစီးကျင်းပခဲ့ကြသည်။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအလုပ်သမားနေ့အခမ်းအနားများကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကျင်းပခဲ့ခြင်းဖြစ်သည်။ 

အလုပ်သမားအရေးကို ကူညီဆောင်ရွက်နေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ယနေ့ နံနက် (၉)နာရီမှစတင်ကာ ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားတရပ်ကို ကျင်းပခဲ့ရာ အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များက ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ဇွန်(၆) မြန်မာ့အလုပ်သမားများတိုက်ပွဲနှင့် ယနေ့လက်ရှိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်အတွင်း ရောက်ရှိ နေသော အလုပ်သမားထု၏ အခြေအနေများကို ပြောဆိုခဲ့ကြသည်။  

၁၈၈၆ ခုနှစ်က အမေရိကန်နိုင်ငံ၊ ချီကာဂိုအလုပ်သမားများက တနေ့လျှင် အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ရာ အလုပ်သမားများ၏ သွေးမြေကျတိုက်ပွဲဝင် တောင်းဆို ချက်များကြောင့် ကမ္ဘာ့အလုပ်သမားထုနှင့် နိုင်ငံတကာကွန်မြူနစ်အဖွဲ့ချုပ်ကြီးက မေလ (၁) ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ကျင်းပသည့် အဆိုပါအခမ်းအနားသို့ မဲဆောက်မြို့ပေါ်ရှိ စက်ရုံအသီးသီးက အလုပ်သမား အင်အား (၁၅၀)ကျော် တက်ရောက်ခဲ့ပြီး အလုပ်သမားများထဲမှ (Thai Sun) သိုးမွေးစက်ရုံအား အလုပ်သမားနစ်နာကြေးများအတွက် တောင်းဆိုတိုက်ပွဲဝင်နေဆဲဖြစ်သူ မနွယ်က လက်ရှိအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်သမားနစ်နာကြေးများ ပြန်လည်ရရှိခဲ့သည့် ချွန်ဘူရီသိုးမွေးစက်ရုံမှ ကိုနိုင်ဇော်တို့က အလုပ်သမားများ ညီညွတ်မှုဖြင့် နစ်နာကြေးများ ပြန်လည်ရရှိခဲ့သည့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။ 

ယနေ့ကျရောက်သည့် မေဒေးနေ့တွင် မဲဆောက်အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက် ပေးနေသည့် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) နှင့် မြန်မာပြည်သူ များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တို့မှလည်း ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနား များကို ကျင်းပခဲ့ကြသည်။ 

ယနေ့ကျရောက်သည့် ကမ္ဘာ့အလုပ်သမားများနေ့တွင် ထိုင်းနိုင်ငံတ၀ှမ်းရှိ စက်ရုံ၊ အလုပ်ရုံများ ကို ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ရာ မဲဆောက်မြို့တွင်လည်း အားလပ်ရက်အလုပ်သမားများဖြင့် စည်းကားလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org