Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲမှုမဖြစ်ခဲ့လျှင် မိမိတို့တာဝန်မဟုတ်ဟု
၈၈ မျိုးဆက်ကဆို

ဗထူး။ မေ ၁၇၊ ၂၀၀၇

နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်သူများ၏ တောင်းဆို ချက်များကို အပြုသဘောတုံ့ပြန်ရန် ငြင်းပယ်ခဲ့ပါက တိုင်းပြည်တွင် ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲမှုမဖြစ်ခဲ့လျှင် မိမိတို့တာဝန်မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက ယနေ့ပြောဆိုလိုက် သည်။

(နအဖ)စစ်အစိုးရအား နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံ ရေးဆွေးနွေးပွဲများ စတင်ရန် နိုင်ငံတကာနှင့် ပြည်သူတို့၏ တောင်းဆိုချက်များကို အပြုသဘောတုံ့ပြန်ရန်
၈၈ မျိုးဆက် ကျောင်းသားများက အထူးကြေညာချက် တစောင် ထုတ်ပြန်တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယမန်နေ့က အချက် (၇)ချက်ပါ ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရ များ၊ အဆင့်မြင့် ဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်များ၊  လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များ၊  နိုင်ငံတကာအကြီးအကဲဟောင်း (၅၉)ဦးနှင့် ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြည်သူ
၅ သိန်းကျော် လက်မှတ်ထိုး၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်များကို အမြန်ဆုံး ဆောင်ရွက်ရန် တောင်းဆိုချက်များကို ဖော်ပြထားသည်။  

ထို့အပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာစီယံ၊ တရုတ်၊ အိန္ဒိယနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း အား မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတွင် တက်ကြွသည့် အခန်းကဏ္ဍမှ စုစည်းလေးနက်စွာ ကူညီကြိုးပမ်းပေးရန် မေတ္တာရပ်ခံခဲ့သည်။

အထူးသဖြင့် တရုတ်နိုင်ငံကို ကျနော်ပြောချင်တယ်။ တရုတ်နိုင်ငံက သူတို့ Veto သုံးလိုက် ရခြင်း ရည်ရွယ်ချက်ဟာ ဗမာပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ကုလသမဂ္ဂအဆင့်ထိ ရောက်အောင်မလုပ်ဘဲနဲ့ အတွင်းရေးမှူးချုပ်အဆင့်ကနေပဲ လုပ်ပါဆိုပြီး တော့ ဒီ့ထက်ပျော့ပြောင်းတဲ့၊ ငြိမ်းချမ်းတဲ့ နည်းနဲ့ လုပ်စေချင်တဲ့သဘောလို့ ကျနော်တို့က နားလည်တယ်။ နောက်တချက် သူက All in process dialogue ဆိုတာ အကုန်လုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကြီးတခု ပေါ်ပေါက်ဖို့ဆိုတဲ့ သဘောထားရှိတယ်လို့ ကျနော်တို့ လက်ခံထားတယ်”ဟု ကိုဂျင်မီက ပြောသည်။

သို့သော် စစ်အစိုးရနှင့် လက်အောက်ခံအဖွဲ့အစည်းများက  အဆိုပါ ဗီတိုသုံးလိုက်ခြင်းအပေါ် နိုင်ငံတကာကို ဂရုစိုက်စရာမလိုတော့ဘူးဟု ကောက်ချက်ဆွဲကာ နိုင်ငံရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေး တောင်းဆိုသူများနှင့် ပြည်သူအပေါ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်းများ ဆက်တိုက်ကျူးလွန်လာခဲ့သဖြင့် အဆိုပါ ဗီတိုအာဏာသုံးသူများအနေဖြင့် စစ်အစိုးရအား တိုင်းပြည်အတွင်း ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာရန် တိုက်တွန်းရမည့် တာဝန်ရှိသည်ဟု ဆိုသည်။

(နအဖ)စစ်အစိုးရအနေဖြင့် နိုင်ငံတကာ၊ ပြည်တွင်း နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လူမျိုး များ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတောင်းဆိုချက်များကို လျစ်လျူရှုခဲ့သည့်အပြင် ယခုအပတ် အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေးအတွက် ဘုရားတွင် ၀တ်ပြုဆုတောင်းရန် သွားရောက်သူ (NLD) ပါတီဝင် (၃၉)ဦးကို အရပ်ဝတ် ၀တ်ထားသည့် အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ကာ ဖမ်းဆီးခဲ့သည်။

“ဟိုနေ့က ဖြစ်စဉ်ဆိုရင် ကျနော်ပြောမယ်ဗျာ၊ မိန်းကလေးတွေပဲ သွားပြီးတော့ ဘုရားမှာ သွားဆုတောင်းတာ။ ဘာကြောက်စရာရှိလဲဗျာ။ ပြီးတော့ နောက်တခု ပိုပြီးဆိုးတာက ယောင်္ကျား အရင့်အမာကြီးတွေလုပ်ပြီးတော့ သူတို့ကိုယ်သူတို့ ထောက်လှမ်းရေးအဖွဲ့အစည်း၊ ငါတို့ ကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးကကွလို့ မပြောရဲဘူး။ ပြည်သူတွေဆိုပြီး ပြောတယ်။ ပြည်သူဆိုပြီးတော့ ရုပ်ဖျက်ပြီး ဝင်တယ်၊   သတ္တိရှိရှိ လုပ်ကြစမ်းပါ”ဟု ကိုဂျင်မီက ဆိုသည်။

အဆိုပါနေ့က အဖြစ်အပျက်သည် အတုအယောင်များသာဖြစ်၍ ဒီမိုကရေစီအတုအယောင်၊ ပြည်သူဆိုသည်မှာလည်း အတုအယောင်ဖြစ်ပြီး အဆိုပါအတုအယောင်ဖြစ်စဉ်ကို ဖြတ်သန်းနေ ရသည်မှာ ကြာပြီဖြစ်၍ အားလုံးကသိနေပြီဟု ဆိုချင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။  

၈၈ မျိုးဆက် ကျောင်းသားများသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုဆန္ဒထုတ်ဖော်ခဲ့သည့် လှုပ်ရှားမှုကြီးအား ဦးဆောင်ခဲ့သူများဖြစ်ပြီး  စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ယုံကြည်ချက်ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရသူများဖြစ်ကာ ထောင်မှ ပြန်လည်လွတ် မြောက်လာချိန်မှစ၍ တိုင်းပြည်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် စစ်အစိုးရအား အစဉ်တစိုက် တောင်းဆိုခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဆန့်ကျင်စွာ ပြည်သူများအတွင်း သံသယဖြစ်ပေါ်အောင် အာဏပိုင်များ၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ကိုဂျင်မီက “အတုအယောင်တွေ ရှိနေသမျှ ကာလပတ်လုံး အမိဗမာပြည်မှာ စစ်မှန်တဲ့ တိုးတက်မှုမရှိဘူး။ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလည်း မရနိုင်ဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာလည်း မရှိနိုင်ဘူး။ တခုတော့ ကျနော်ပြောချင်တယ်။ အဲဒီ အတုအတုတွေကို ဖန်တီးနေတဲ့ လူတွေကို တကယ်အစစ်တရားကို လိုလားတဲ့ ပြည်သူတွေ အားကောင်းလာတဲ့ တနေ့ကျလို့ရှိရင် အဲဒီ အစစ်တရားလိုလားတဲ့ ပြည်သူအစစ်တွေကနေပြီးတော့ ဆုံးမလိမ့်မယ်ဆိုတာကိုတော့ ကျနော် အာမခံနိုင်တယ်”ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org