Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဖမ်းဆီးထားသူအား ပြန်လွှတ်ပေးရန် အေ့(စ်)ဝေဒနာရှင်တဦး တောင်းဆို

ဗထူး။ မေ ၂၂၊ ၂၀၀၇

ဝေဒနာရှင်များအတွက် ဖမ်းဆီးထားသူ မဖြူဖြူသင်းအား ပြန်လွှတ်ပေးရန် အေ့(စ်)ဝေဒနာရှင် လူငယ်တဦးက ယနေ့ ပြောဆိုလိုက်သည်။ 

စစ်အစိုးရအာဏာပိုင်များက ယမန်နေ့တွင် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော (HIV/AIDS) တားဆီးကာကွယ်တိုက်ဖျက်ရေး အစီအစဉ်မှ မဖြူဖြူသင်းအား ပြန်လွှတ်ပေးရန် ဆေးဝါးကုသ ခံနေရသည့် ဝေဒနာသည်များကိုယ်စား ဝေဒနာရှင်လူငယ်တဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

မဖြူဖြူသင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တဦးဖြစ်ပြီး (HIV/AIDS) တားဆီးကာကွယ်တိုက်ဖျက်ရေးအစီအစဉ်တွင် လုပ်ကိုင်နေကာ လတ်တလောတွင် ဝေဒနာရှင် ၃၀ ခန့်ကို ပြုစုစောင့်ရှောက်ပေးနေသူတဦး ဖြစ်သည်။ 

“အခုလို အာဏာပိုင်တွေက အစ်မကိုဖမ်းလိုက်တဲ့အတွက် တအားကြီးကို အခက်အခဲဖြစ်သွား တယ်။ ရှင်းရှင်းပြောရမယ်ဆိုလိုရှိရင် အစ်မကို အားကိုးပြီးနေရတာပေါ့နော်။ မဖြူဖြူသင်းဆိုရင် ကျနော်တို့ရဲ့ အမေဆိုလည်း မမှားဘူး၊ ကျေးဇူးရှင်ဆိုလည်း မမှားဘူး။ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် အမြန်ဆုံး လွတ်ပေးစေချင်တာပေါ့ဗျာ”ဟု နတ်မောက်မြို့နယ်မှ ဝေဒနာရှင်လူငယ် မင်းခိုက်က ဆိုသည်။ 

ရန်ကုန်မြို့ရှိ ဆေးခန်းနှင့် ဆေးရုံများမှ သတ်မှတ်သည့်နေရာများတွင် နေထိုင်နိုင်ရန်အတွက် ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ မကွေး၊ အောင်လံ စသည့် နယ်အသီးသီးမှ ဝေဒနာရှင်များ နေထိုင်နိုင်ရန် အိမ်ငှားပေးခြင်း၊ ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ လူနာများ သွေးသွင်း ရန် လိုအပ်သည့်အခါ သွေးလှူရှင်များ ရှာဖွေခြင်းများကို လုပ်ဆောင်ပေးနေသူအား ယခုလို ဖမ်းဆီးလိုက်သည့်အတွက် ဝေဒနာရှင်အားလုံး သောကရောက်ရကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။ 

မဖြူဖြူသင်းသည် အာဏာပိုင်များဖမ်းဆီးခေါ်ဆောင်ခြင်းမခံရမီ ယမန်နေ့ညနေက ရွှေဘုန်းပွင့် ဘုရားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် သွားရောက်ဆုတောင်းခဲ့ပြီးနောက် ည (၈) နာရီခွဲခန့်က ရဲသတင်းအထူးတပ်ဖွဲ့(SB)မှ တာဝန် ရှိသူ (၇) ဦးက နေအိမ်မှ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ 

စစ်အစိုးရအနေဖြင့် မကြာသေးမီ သတင်းပတ်များအတွင်းက ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်းအပင်း ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ကာ ရန်ကုန်မြို့ပေါ်ရှိ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့ (၂၄) ဖွဲ့အား မှတ်ပုံတင်သက်တမ်းတိုးခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် “ဖြိုးစေတနာ”အမည်ဖြင့် အခမဲ့ ဆေးကုခန်းများကို ရန်ကုန်မြို့ပေါ်တွင် မြို့နယ်အလိုက် စစ်အစိုးရဖွဲ့စည်းထားသော (ကြံ့ဖွံ့)အဖွဲ့ အမည်ခံကာ ရက်ပိုင်းအတွင်း ဖွင့်လှစ်ခဲ့သည်။  

“ဒါကတော့ အများကြီး နိုင်ငံရေးနဲ့ သက်ဆိုင်နေမယ်။ ကျနော်တို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်လို့ ဒီလိုမျိုး လူမှုရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခွင့် မပေးဘူးဆိုလိုရှိရင် တော့ တခုရှိတာက အခု ဖျက်သိမ်းလိုက်တဲ့ အသင်းအဖွဲ့ပေါင်း ၂၄ ခုပါ။ ဒါ နိုင်ငံရေးနဲ့လည်း မပတ်သက်ဘူးလေ။ ဒီနာရေးကူညီမှုအသင်းတို့လိုမျိုး၊ မင်းကွန်းအသင်းတို့လိုမျိုးဆိုရင် နိုင်ငံ ရေးနဲ့ လုံးဝမပတ်သက်တဲ့ ဟာတွေပဲဗျာ။ သူတို့က ကျနော်စိတ်အထင်တော့ သူသာလျှင် လုပ်ပေးပါတယ်ဆိုတဲ့ ကျေးဇူးရှင်နာမည်ခံချင်နေပုံ ပေါ်တယ်ဗျ။ ကျန်တဲ့လူတွေက တကယ် ကိုပဲ စေတနာသန့်သန့်နဲ့ လုပ်ပေးနေတဲ့အပေါ်ကို သူတို့ ငြိုငြင်လာသလား၊ ဒါမှမဟုတ် အဲဒီလူတွေရှိနေသ၍ ငါတို့လုပ်တာမှန်သမျှကို လူထုက မယုံကြည်ဘူးလို့ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေလားမသိဘူးဗျ” ဟု (HIV/AIDS) တားဆီးကာကွယ်တိုက်ဖျက်ရေး အစီအစဉ်မှ ကိုရာဇာက ဆိုသည်။ 

(HIV/AIDS) တားဆီးကာကွယ်တိုက်ဖျက်ရေးအစီအစဉ်ကို ၂၀၀၂ ခုနှစ်မှစတင်ကာ ပြုလုပ်ခဲ့ရာ ၅ နှစ်တာကာလအတွင်း ဝေဒနာရှင်ထောင်နဲ့ချီ၍ အကူအညီပေးနိုင်ခဲ့ပြီး ဝေဒနာရှင်များအား (ARV) ဆေးဝါးများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ၌ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ ရန်ကုန်မြို့၊ ဝေဘာကီဆေးရုံအပြင် (NGO)များမှ ဖွင့်လှစ်ထားသည့် ဆေးခန်းများတွင်ပါ   ဆေးဝါးများ မလုံလောက်သည့်ပြဿနာများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ 

“ဆေးရလာပြီဆိုရင် တစ်ယောက်ကို သုံးလေးငါးရက်စာ ပေးလိုက်၊ ကျန်တဲ့တစ်ယောက်ကို သုံးလေးငါးရက်စာပေးလိုက် အဲလိုပဲ လည်နေအောင် တိုက်ရတာ၊ ပိုက်ဆံရှိလို့ စိုက်တာ မဟုတ် ဘူး။ အခုတော့ တော်တော်များများ လူနာတွေလက်ထဲမှာ ဆေးက နှစ်ရက်စာ၊ သုံးရက်စာ လောက်ပဲ ကျန်တော့တဲ့ လူတွေရှိတယ်။ အဲဒီလူတွေအတွက် ကျနော်တို့ အရမ်းစိုးရိမ်ရတယ်” ဟု ကိုရာဇာက ပြောသည်။ 

စစ်အစိုးရသည် ယခုလပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြု ဆုတောင်းသူ ပါတီဝင် (၃၀)ကျော်ကို ပြီးခဲ့သည့်အပတ်က ဖမ်းဆီးခဲ့ပြီးနောက် (NLD)ပါတီမှ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုနေစဉ် စစ်အစိုးရက ယခုကဲ့သို့ လူမှုရေး လုပ်ငန်း လုပ်ကိုင်နေသူ ပါတီဝင်တဦးကို ထပ်မံဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org